ကမ္ဘာကျော်ရုပ်ရှင် “Forrest Gump” ထုတ်လုပ်သူ Wendy Finerman က ဒီနေ့ခေတ်မှာ အဲ့ဒီရုပ်ရှင်ကို ပြန်လည် ရိုက်ကူးပြီး ပြသမယ်ဆိုရင်တောင် လိုအပ်တဲ့ ဘတ်ဂျက်ငွေ ပြန်ရနိုင်ပါ့မလားဆိုတာ အာမမခံနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အဲဒီ ဟာသဇာတ်မြူး ဒရာမာရုပ်ရှင်ဟာဆိုရင် ဟောလိဝုဒ်ရဲ့ ဂန္တဝင်ရုပ်ရှင်လို့ ခေါ်ဆိုကြပြီး “အကောင်းဆုံး ရုပ်ရှင်ဆု”၊ “အကောင်းဆုံး ဒါရိုက်တာဆု” နဲ့ “အကောင်းဆုံး မင်းသားဆု” အပါအဝင် အကယ်ဒမီဆု ၆ ဆု ရရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ အဲဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုပိုင်းဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေကြောင့် အမေရိကန် အမျိုးသား ရုပ်ရှင်မှတ်တမ်းရုံးမှာ ထိန်းသိမ်းထားရတဲ့ ရုပ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
“Forrest Gump” ရုပ်ရှင်ဟာ နိုင်ငံတကာရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၆၇၇ သန်း ရရှိခဲ့ပေမယ့် ရုပ်ရှင်အတွက် အချိန် ၉ နှစ် အချိန်ကုန်ခံခဲ့တဲ့ ထုတ်လုပ်သူ Finerman ကတော့ စတူဒီယိုတွေဟာ နာမည်ကျော်နိုင်တဲ့၊ အသိအမှတ်ပြုခံရနိုင်တဲ့၊ ရင်းနှီးမြှုပ်နှံငွေတွေ ပြန်ရနိုင်တဲ့၊ အကျိုးအမြတ်ရနိုင်တဲ့ ရုပ်ရှင်တွေကိုသာ ပိုစိတ်ဝင်စားတာကြောင့် အခုရုပ်ရှင်ကိုသာ ပြန်ရိုက်မယ်ဆိုရင် ဒေါ်လာ ၅၅ သန်း ဘတ်ဂျက်ပြန်ရဖို့ အရမ်းခက်ခဲနိုင်တယ်လို့ ယုံကြည်နေသူ ဖြစ်ပါတယ်။
Cinema Blend မီဒီယာနဲ့ ပြောဆိုရာမှာသူက “’Forrest Gump’ ရုပ်ရှင်ကို ဒီနေ့မှာ ဖန်တီးမယ်ဆိုရင် အရမ်းခက်ခဲမယ်လို့ ကျမထင်ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ဒီနေ့ခေတ်မှာ မဖန်တီးသင့်ပါဘူး။ အဲဒါ အမှန်ပဲဆိုတာက တော့ ကျမတို့ သိပါတယ်”လို့ ဆိုပါတယ်။
မင်းသားကြီး Tom Hanks ရဲ့ အဲဒီရုပ်ရှင်ဟာ အမေရိကန် ပြည်ထောင်စုက ၂၀ ရာစုမှာဖြစ်ခဲ့တဲ့ သမိုင်းဝင် ဖြစ်ရပ် တော်တော်များများအပေါ် လွှမ်းမိုးမှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီနှစ်မှာတော့ အဲ့ဒီရုပ်ရှင်သက်တမ်းဟာ ၂၅ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ဒီရုပ်ရှင်ကို ကန့်သတ်ပြီး ပြန်လည်ပြသဖို့ ရှိနေပါတယ်။ ၂၅ နှစ် ကြာညောင်းခဲ့ပြီ ဖြစ်တဲ့ အဲ့ဒီရုပ်ရှင်ကို Blu-ray အရည်အသွေးနဲ့ ဖြန့်ချိထားပြီဖြစ်ပေမယ့် အခုလိုမျိုး ရုပ်ရှင်ရုံမှာ ပြန်ပြတာဟာ လူငယ် မျိုးဆက်သစ်တွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: contactmusic
You May Also Like This Story:
Forrest Gump ရုပ်ရှင်ကို ပြန်ရိုက်ကူးဖို့ ကိုယ်အလေးချိန် ၂၀ ကီလို လျှော့ချမယ့် Aamir Khan