Entertainment

ငြိမ်းချမ်းပြီး စည်ပင်ဝဖြိုးတဲ့ ကချင်ပြည်နယ်ကို ပြန်ရချင်တယ်လို့ ပြောတဲ့ L ဘောက်နူး

ကချင်တိုင်းရင်းသူ အလှမယ်တဦးဖြစ်တဲ့ L ဘောက်နူး ကတော့ ပြည်သူတယောက်အနေနဲ့ ကချင်ပြည်နယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်လို စည်ပင်ဝဖြိုးစေချင်တယ်လို့ ပြောပါတယ်။

“အခုဆိုရင် ကချင်စစ်ဖြစ်ခဲ့တာ ၈ နှစ်ပြည့်ခဲ့ပြီ။ ပြည်တွင်းစစ် ဖြစ်တာပေါ့။ နစ်နာဆုံးရှုံးမှုကတော့ နှစ်ဖက်စလုံးမှာ ရှိကြမှာပဲပေါ့။ ဒါပေမဲ့ ပြည်သူတယောက်အနေနဲ့ ဆိုရင်တော့ စစ်ပွဲတွေ အမြန်ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်လို စည်ပင်ဝဖြိုးတဲ့ ကချင်ပြည်နယ်ဆိုတာကိုတော့ ကျမတို့ ပြည်သူတွေက ပြန်ရချင်ကြပါတယ်”လို့ အလှမယ် Lဘောက်နူးကပြောပါတယ်။

Lဘောက်နူးက သူကိုယ်တိုင်လည်း ကချင်ပြည်နယ်မှ စစ်ဘေးရှောင်ကလေးများနဲ့ အလှူရှင်များကို ချိတ်ဆက်ပေးတဲ့ Volunteer တယောက်အဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“နူးကတော့ အခု Mali Ingra Volunteer Group မှာ ပါဝင်နေတယ်။ ဒီ Group ကနေပြီးတော့ နိုင်ငံရပ်ခြားမှာ ရှိတဲ့သူတွေ ၊ ပြည်တွင်းထဲမှာ ရှိတဲ့သူတွေ စစ်ရှောင်ကလေးတွေနဲ့ ပတ်သက်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ် ပါဝင်ကူညီ ပါဝင်ချင်တဲ့ အလှူရှင်တွေကို စစ်ရှောင်ကလေးတွေဆိုရောက်အောင် ပေါင်းကူးဆက်သွယ်ပေးတယ်”

“လက်ရှိမှာမန္တလေးကလေးဆေးရုံမှာ ကလေးတွေရှိတယ်။ ပြီးတော့ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူတွေကို ထောက်ပံ့တဲ့ အစီအစဉ်တွေ ရှိတယ်။ နှစ်တိုင်းတော့ Volunteer Group က လုပ်ပေးနေပါတယ်” လို့ Lဘောက်နူးကပြောပါတယ်။

အဆိုပါ Volunteer အဖြစ် ၂၀၁၅ ခုနှစ်လောက်မှ စတင်ခဲ့သော်လည်း ၂၀၁၇ခုနှစ်မှာတော့ တကယ်ဖြစ်ပွားလျက် ရှိတဲ့နေရာများကို သွားရောက်ကာ သေချာ လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“Volunteer စလုပ်တာကတော့ ၂၀၁၅ ၊ ၂၀၁၆ လောက်က စလုပ်တယ်ပေါ့။ သေသေချာချာ ထိထိရောက်ရောက် အဲ့နေရာတွေကို သွားရောက် လုပ်ကိုင်ဖြစ်တာကတော့ ၂၀၁၇ မှပါ။ အဓိကကတော့ ကလေးတွေမှာပဲ ပိုပြီးအာရုံထားမိတာက ပညာရေး နောက်ကျတယ်။ ပညာရေး နောက်ကျတော့ ဘဝရဲ့တက်လမ်းနောက်ကျတယ်။ အဲ့လို နောက်ကျလာတာနဲ့အမျှ နိုင်ငံရဲ့တိုးတက်လမ်းပါ နောက်ကျလာတယ်”

“ပညာမတတ်တဲ့ လူဦးရေ များလာလေလေ ဒီနိုင်ငံရဲ့တိုးတက်မှုနှုန်းက နှောင့်နှေးလာလေလေပဲ။ အဓိကကတော့ ကလေးတွေရဲ့ပညာရေးပိုင်းကို ပိုပြီးတော့ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်” လို့ L ဘောက်နူးက ပြောပါတယ်။

L ဘောက်နူးက Miss Supranational Myanmar 2015 ဆုကို ရရှိထားပြီး ရုပ်ရှင်ဇာတ်ကားများမှာလည်း သရုပ်ဆောင် တယောက်အနေနဲ့ လုပ်ကိုင်နေပါတယ်။ မကြာသေးခင်ကလည်း “နှင်းပွင့်စေရာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရေခဲတောင်မှာသွားရောက်ရိုက်ကူးခဲ့ပြီး အဲဒီဇာတ်ကားမှာ ခပ်စွာစွာ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Loading