ကချင်တိုင်းရင်းသူ သရုပ်ဆောင် တယောက်ဖြစ်တဲ့ Pဂျာဆိုင်းဘူကတော့ “လောဘနွံ” ဇာတ်ကားကြီးမှာ ပါဝင်ထားပြီး ဒီဇာတ်ကားကတော့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာရှိတဲ့ ရေမဆေးသမားများနဲ့ ပိုင်ရှင်သူဋ္ဌေးများကြားက ပဋိပက္ခများကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
အဲဒီဇာတ်ကားကို ဖားကန့် တကယ့် ရေမဆေးသမားတွေ အလုပ်လုပ်ကိုင်ရာနေရာမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီက ရိုက်ကွင်း အတွေ့အကြုံတွေကို Pဂျာဆိုင်းဘူက အခုလိုပဲ ပြောပါတယ်။
“ဒီကားရိုက်တုန်းက မှော်တခု လောင်သွားတာ ရှိတယ်။ ရေမဆေးသမားတွေ သောင်းကျန်းလို့ မီးရှို့လိုက်တာ။ အဲ့တုန်းက ညီမတို့က လုံးခင်းမှာ ရောက်နေတယ်။ ရိုက်ရတာ လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်”
“ဖားကန့်ဆိုတာ ကချင်ဆိုတာထက် မြန်မာတနိုင်ငံလုံးနဲ့ ဆိုင်တယ်။ အပေါ်က တောင်တွေ ပြိုကျပြီးတော့ အပေါ်က သယံဇာတတွေ ကုန်ရင် ရာသီဥတုတွေ ပျက်စီးမယ်။ အပူတွေ ဆိုးလာမယ်။ မိုးခေါင်ရေရှားတွေ ဖြစ်လာမယ်။ ရာသီဥတုတွေ မမှန်ဘဲ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်။ သဘာဝ သယံဇာတဆိုတာက ရှိသင့်သလောက် ရှိရမယ်။ သဘာဝတရားကြီးက ရှိအောင် လုပ်ထားတာ အများကြီး ထုတ်ယူလိုက်တော့ လူတွေကိုပါ ဒုက္ခဖြစ်စေပါတယ်”လို့ Pဂျာဆိုင်းဘူက ပြောပါတယ်။
ပီဂျာဆိုင်းဘူကတော့ အဲဒီဇာတ်ကားမှာ သရုပ်ဆောင် ဘုဏ်းသိုက်နဲ့အတူ ပါဝင်ထားပြီး အခက်အခဲ အနေနဲ့တော့ အချစ်ဇာတ်ဝင်ခန်း ရိုက်စဉ်မှာ မြန်မာစကားပြောရတာ အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“အခက်အခဲကတော့ အရမ်းကြီးတော့ မရှိပါဘူး။ မြန်မာစကား ပြောတဲ့အခါမှာ အခက်အခဲ ရှိတယ်ပေါ့။ ကိုဘုဏ်းသိုက်နဲ့ Love Scene ရိုက်ရတာ ရှိတယ်။ ကိုဘုဏ်းသိုက်ကကျတော့ ပြောတာ အရမ်းမိုက်တယ်။ ညီမကကျတော့ ပြောတာ နှေးနှေးသွားတာတွေ ရှိတယ်။ အဲဒါတွေက ခက်ခဲပါတယ်” လို့ Pဂျာဆိုင်းဘူက ပြောပါတယ်။
ဒီကားမှာတော့ Pဂျာဆိုင်းဘူက သရုပ်ဆောင်၊ ဒါရိုက်တာ ဒေါင်လွဏ်းရဲ့ ညီမအဖြစ် သရုပ်ဆောင်ထားပြီး ဘုဏ်းသိုက်နဲ့ အီစီကလီ လုပ်ရတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ကချင်ဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာ ဒေါင်လွဏ်းနဲ့ အတူ အလုပ်တွဲလုပ်ဖြစ်ပုံကိုလည်း Pဂျာဆိုင်းဘူက အခုလို ပြောပါတယ်။
“ကိုဒေါင်လွဏ်းနဲ့က လက်တွဲ အလုပ်လုပ်လာတာ အရမ်းလည်းကြာပြီ။ ဇာတ်ကားတွေ ရိုက်တာလည်း အများကြီးဖြစ်နေပြီ။ ဒါပေမဲ့ ရုပ်ရှင်ကားကြီးကတော့ အခုမှရိုက်ဖြစ်တယ်။ အရှေ့မှာ ညီမက ကျောင်းတက်နေတဲ့အတွက် “ကျောက်စိမ်းကမ္ဘာ”တို့ဆိုရင် မပါလိုက်ရဘူး။ ကျောင်းကလည်း ပျက်လို့မရတာကြောင့် မပါလိုက်ရဘူး။ အခုတော့ ကျောင်းပြီးသွားပါပြီ”လို့ Pဂျာဆိုင်းဘူက ပြောပါတယ်။
Pဂျာဆိုင်းဘူကတော့ အလှမယ်တဦးဖြစ်သလို “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးက ရွေးချယ်ထားတဲ့ သရုပ်ဆောင်တဦးလည်းဖြစ်ပြီး မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ “အောက်ဖဲ မလှန်ကြေး” ရုပ်ရှင်ကားကြီးလည်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
You may also like these stories:
“တချို့က တိုင်းရင်းသားကားဆို အထင်မကြီးကြဘူး”လို့ ကချင်ဒါရိုက်တာ ဒေါင်လွဏ်း ပြော
ရေမဆေး ကျောက်တူးသမားတယောက်အဖြစ် သရုပ်ဆောင်ထားတဲ့အကြောင်း ပြောပြတဲ့ ဘုဏ်းသိုက်
“လောဘနွံ” ရုပ်ရှင်ရိုက်ရင်း ကျောက်အောင်ခဲ့တဲ့ သရုပ်ဆောင် လူမင်း