The Voice Myanmar Season 2 ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ ပြိုင်ပွဲဝင် Paul Austin က ညီမဖြစ်သူ လီတာပန်ပန်နဲ့ အတူ တွဲပြီး သီချင်းတွေ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။
“ကျနော့် ညီမလေး လီတာပန်ပန်ပါ။ သီချင်းတွေ ရေးတယ်၊ သီချင်းတွေလည်း ဆိုပါတယ်။ ကျနော် ပွဲဆိုရင် သူက မန်နေဂျာ လုပ်ပေးမယ်။ သူ့ပွဲဆို ကျနော်က မန်နေဂျာ လုပ်ပေးမယ်ပေါ့။ သီချင်းရွေးတာတွေလည်း တိုင်ပင်ဖြစ်တယ်။ ပြိုင်ပွဲတုန်းကလည်း သီချင်းလေးတွေ တိုင်ပင်ဖြစ်တယ်။ ညီမလေးက ရွေးပေးဖြစ်တယ်”
“ရှေ့ဆက်ပြီးလည်း ကျနော်တို့ မောင်နှမ နှစ်ယောက် သီချင်းတွေ ထုတ်ကြမယ်။ နောက်သီချင်းတွေ လုပ်ရင်း စီးပွားရေးလည်း လုပ်ကြမယ်လို့ စဉ်းစားထားတယ်။ ကျနော့် ပရိသတ်နဲ့ ညီမလေး ပရိသတ်ပေါင်းပြီး Fan Meeting လုပ်ကြမယ်။ အွန်လိုင်းကနေလည်း မောင်နှမ နှစ်ယောက်ပေါင်းပြီး Cover Song တွေလည်း တင်ပေးဖို့ ရှိပါတယ်”လို့ Paul Austin က ပြောပါတယ်။
Paul Austin ရဲ့ ညီမဖြစ်သူ လီတာပန်ပန်ကလည်း အစ်ကိုဖြစ်သူ အဆိုတော် ကောင်းတယောက် ဖြစ်နိုင်တယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
“ညီမ အစ်ကိုကို အရမ်းအားပေးကြတော့ အရမ်းပျော်တာပေါ့။ ညီမ Galaxy Star ပြိုင်ကတည်းက အစ်ကို့ကို ပြိုင်စေချင်တာပေါ့။ နှစ်ယောက်လုံး ဝင်ပြိုင်လိုက်ရင် အိမ်အတွက် သိပ်အဆင်မပြေဖြစ်သွားမှာမို့ ညီမပဲ ဝင်ပြိုင်ဖြစ်တယ်။ ညီမက Galaxy Star မှာ Top 12 ထိတော့ ပါတယ်။ အခု လတ်တလောတော့ ကို Key နဲ့ပေါင်းပြီး သီချင်းလေးထွက်ဖို့ ရှိပါတယ်။ ညီမလည်း ကြိုးစားနေပါတယ်”
“အစ်ကို့အတွက်လည်း အရမ်းပျော်တယ်။ အစ်ကို့ကိုတော့ သီချင်းဆက်တိုက် ထွက်ဖို့လုပ်၊ ပရိသတ်နဲ့ အဆက်မပြတ်အောင် ဆက်တိုက် သီချင်းတွေ ထွက်ပေးရင်ပိုပြီး အဆင်ပြေမယ်လို့ ထင်တယ်။ အစ်ကိုက အဆိုတော်ကောင်းတယောက် ဖြစ်နိုင်တယ်ဆိုတာလည်း ညီမ အရင်ကတည်းက ယုံကြည်ထားတယ်။ ညီမသီချင်းဆိုဖြစ်တာတောင် အစ်ကိုကြောင့်လို့ ပြောလို့ရတယ်။ ညီမနဲ့ အစ်ကိုနဲ့က သီချင်းကြိုက်တဲ့ ပုံစံချင်း သိပ်မတူဘူး။ နှစ်ယောက်ပေါင်း လုပ်လို့ရတဲ့ ပုံစံလေးတွေရှိရင် ဆိုဖြစ်ပါတယ်”လို့ လီတာပန်ပန်က ပြောပါတယ်။
Paul Austin က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပြီး The Voice Thailand သီချင်းဆိုပြိုင်ပွဲမှာလည်း ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဘာသာစကား အခက်အခဲကြောင့် ဆက်လက် မပြိုင်ဖြစ်ခဲ့ပေမယ့် The Voice Myanmar Season 2 မှာတော့ Top 2 အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။
လီတာပန်ပန်ကတော့ Galaxy Star သီချင်းဆိုပြိုင်ပွဲမှာ Top 12 အဆင့်ထိ ရောက်ရှိ ယှဉ်ပြိုင်ခဲ့ပြီး အွန်ုလိင်းမှာလည်း Single Song ဖြစ်တဲ့ “Never Let Me Go”သီချင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိထားပါတယ်။
You may also like these stories:
“သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာရင်လည်း လုပ်ဖို့အစီအစဉ်ရှိတယ်” လို့ Paul Austin ပြော
အနုပညာအလုပ်တွေ ဆက်လုပ်မှာမို့ ပရိသတ်တွေ စိတ်အေးအေးထားကြဖို့ Paul Austin ပြော
ပြိုင်ပွဲမှာ Winner မရတဲ့သူက ဘာမှ မရတာ မဖြစ်သင့်လို့ သဘောတူညီချက် တခုလုပ်ခဲ့တဲ့ နိုဗန်ထူး
“ကိုယ့်သီချင်းနဲ့ကိုယ် ပေါက်ချင်ပါတယ်”လို့ ပြောတဲ့ ဟေဇယ်နဲ့ အင်တာဗျုး