Entertainment

Hip Hop ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ ပြုံးမြသွယ်နဲ့ အစ်မဖြစ်သူ ခိုင်မြတ်သဇင်

ဆယ်ကျော်သက် မိန်းကလေး Hip Hop အဆိုတော် ပြုံးမြသွယ်ဟာ သူ့ရဲ့ တကိုယ်တော် တေးစီးရီးအခွေကို ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ညီမ တကိုယ်တော်ခွေ ထွက်နိုင်ဖို့ ကြိုးစားနေတယ်။ ထွက်လာရင်လည်း အားပေးကြပါ။ ကိုယ်တိုင်ရေး သီချင်းတွေ အပါအဝင် တခြား သီချင်းဟောင်းတွေလည်း ထည့်ဆိုဖို့ စဉ်းစားထားပါတယ်။ နောက်ပိုင်းတော့ ယောကျာ်းလေး ပုံစံသွားဖို့ မရှိဘူး။ ကိုယ့်ဒီဇိုင်းနဲ့ကိုယ် ထွက်ဖို့ပဲ ရှိတယ်။ Hip Hop ပုံစံကိုမှ တမျိုးပြောင်းပြီး ဝတ်ချင် ဝတ်ဖြစ်မယ်”လို့ ပြုံးမြသွယ်က ပြောပါတယ်။

ဆက်လက်ပြီး ပြုံးမြသွယ်က မိန်းကလေး Rapper တယောက်အနေနဲ့ ဂီတလမ်းကြောင်းမှာ လျှောက်လမ်းရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောပါတယ်။

“ဒီဂီတလမ်းကြောင်းမှာ ညီမအတွက် အခက်အခဲ ရှိပါတယ်။ ညီမတို့လို မိန်းကလေး Rapper တွေကျတော့ ဂီတဘက်မှာက တော်တော်ရှားတယ်ဆိုတော့ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ကိုယ်က ထုတ်ပြမှ သူများကလည်း ကိုယ်ဘယ်လောက် လုပ်ထားတယ်ဆိုတာကို အသိအမှတ် ပြုမှာပေါ့နော်”လို့ ပြုံးမြသွယ်က ပြောပါတယ်။

မိန်းမ သိပ်မဆန်တဲ့ ပြုံးမြသွယ်ကို မိန်းမဆန်ဆန် ပုံစံနဲ့တွေ့ချင်တဲ့ အစ်မဖြစ်သူ ခိုင်မြတ်သဇင်ကတော့ ညီမနဲ့အတူ အနုပညာအလုပ်တွေ လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ညီမက မင်းသမီး၊ မော်ဒယ် ဖြစ်ချင်တယ်။ နောက်စီးပွားရေး ဝါသနာပါတယ်။ ညီမတို့ ဝါသနာပါတာကို မိဘတွေကတော့ တတ်နိုင်သလောက် လုပ်ပေးပါတယ်။ ညီမတို့က နယ်မှာနေရတာဆိုတော့ ရန်ကုန်ကို တကူးတက လာလာနေရတော့ အဆက်အသွယ် နည်းနည်း ပြတ်သွားတယ်။ နောက်ပိုင်း အဆက်အသွယ် မပြတ်အာင် အနုပညာလုပ်တွေလည်း လုပ်နိုင်အောင် အစီအစဉ်တွေ ဆွဲထားတယ်။ ရန်ကုန်မှာ နေဖြစ်တော့မှာပါ”လို့ သရုပ်ဆောင် ခိုင်မြတ်သဇင်က ပြောပါတယ်။

ညီမဖြစ်သူ ပြုံးမြသွယ်နဲ့ ပတ်သက်လို့ ခိုင်မြတ်သဇင်က အခုလိုပဲ ပြောပါတယ်။

“ပြုံးမြသွယ်က ယောကျာ်းလေး ပိုဆန်လာတယ်။ ညီအစ်မ ဆိုပေမယ့် တူတာဆိုလို့ ဖိနပ်ဆိုဒ်ပဲ ရှိတယ်။ ညီမက မိန်းမဆန်တဲ့ အင်္ကျီတွေကြိုက်တယ်။ သူက ယောကျာ်း ဆန်တယ်။ သူ့အင်္ကျီတွေ၊ ဘောင်းဘီတွေ ယူဝတ်လို့ မရဘူး။ သူ့ကို မိန်းမပုံလေး ဂါဝန်နဲ့ တွေ့ချင်တယ်။ သူက အဆိုတော် ဖြစ်ချင်တယ်၊ ဆရာဝန်ဖြစ်ချင်တယ်”လို့ ခိုင်မြတ်သဇင်က ဆိုပါတယ်။

ဆယ်ကျော်သက် မိန်းကလေး Hip Hop အဆိုတော် ပြုံးမြသွယ်က လက်ရှိမှာ သူ သီဆိုထားတဲ့ “အသည်းက ကျောက်ခဲ” သီချင်းကို Ice Cold၊ မိုးအာကာတို့နဲ့ အတူတူ ဖန်တီးထားပြီး ပရိသတ်တွေအတွက် အွန်လိုင်းမှာ တင်ပေးထားတာ တွေ့ရပါတယ်။

ခိုင်မြတ်သဇင်ကတော့ ၂၀၁၄ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ပညာရေးဘက်ကို အချိန်ပေးဖို့အတွက် အနုပညာအလုပ်တွေ ခေတ္တ ရပ်နားခဲ့ရာကနေ ယခု အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေပါတယ်။

You may also like these stories:

ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲ

ပထမဆုံး ဘီလီယံနာ Hip-hop အဆိုတော် ဖြစ်လာတဲ့ Jay-Z

အိမ်သာသွားနေတဲ့ ပရိသတ်ကို စောင့်ပြီးမှ ဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တဲ့ စလင်းဒီယွန်

ကြက်ဖနဲ့ ဒဿတို့ ပူးပေါင်း ဖန်တီးထားတဲ့ “ပြဿနာ” ရုပ်ရှင် ဇာတ်ဝင်သီချင်း

Loading