Kim Kardashian West ရဲ့အတွင်းခံ Brand အသစ် “Kimono Intimates” ကို မိတ်ဆက်လိုက်ချိန်မှာပဲ ဂျပန်နိုင်ငံက ပြည်သူတွေရဲ့ ဒေါသတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ရုပ်သံအစီအစဉ်စတား Kim ဟာ အဲ့ဒီအမှတ်တံဆိပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ကောက်ကြောင်းအလှကို ပိုမိုပေါ်လွင်စေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာတွေ ပေါ်မှာတော့ ဂျပန်လူမျိုးတွေက အဲ့ဒီလို “ကီမိုနို” နာမည်ကို ယူထားတဲ့ Brand ဟာ ရိုးရာဝတ်စုံကို မလေးမစား ပြုရာရောက်တယ်လို့ ပြောဆိုနေကြပါတယ်။
ခါးပန်းကြိုးနဲ့အတူ ဝတ်ဆင်ရတဲ့ လက်ရှည်အင်္ကျီ ကီမိုနိုဟာ ၁၅ ရာစုနှစ်ဂျပန်နိုင်ငံမှာ စတင် အသုံးဝတ်ဆင် ခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အမျိုးသားဝတ်စုံလို့တောင် ခေါ်ဆိုကြတဲ့ ကီမိုနိုဝတ်စုံကို အထူးအခမ်းအနားတွေမှာ များသောအားဖြင့် ဝတ်ဆင်ကြတာဖြစ်ပါတယ်။
ဂျပန်အမျိုးသမီး ယူကာအိုအီရှီက “ကျမတို့ဟာ ကျန်မာစေဖို့၊ ကလေးဖွံ့ဖြိုးစေဖို့၊ စေ့စပ်ဖို့၊ လက်ထပ်ဖို့၊ ဘွဲ့ယူဖို့ စတဲ့အခမ်းအနားတွေနဲ့ ဈာပန အခမ်းအနားတွေမှာ ကီမိုနိုကို ဝတ်ဆင်ကြပါတယ်။ မျိုးရိုးစဉ်ဆက်တလျှောက် မိသားစုတွေအချင်းချင်း လက်ဆင့်ကမ်း ဝတ်ဆင်လာခဲ့ကြတာလည်း ဖြစ်ပါတယ်”
“အခုလိုမျိုး ကီမိုနိုနာမည်ကို အတွင်းခံလုပ်ပစ်တာ လိုက်ဖက်မှု မရှိပါဘူး။ အဲ့ဒီအစား Kim ဆိုတဲ့ နာမည်ပါတဲ့ စကားလုံးကို သူ ရွေးသင့်တယ်။ အဲ့ဒါဟာ ကျမတို့ ယဉ်ကျေးမှုမှာ အဓိပ္ပာယ်ရှိနေတဲ့ ဝတ်စုံကို မလေးမစားပြုမိတာမျိုး ဖြစ်သွားစေတာပါပဲ”လို့ ပြောပါတယ်။
Kardashian West ဟာ ‘Kimono’ (ကီမိုနို) Brand ကို လွန်ခဲ့တဲ့ နှစ်မှာကတည်းက အမေရိကမှာ ကုန်ပစ္စည်း အမှတ်တံဆိပ် မှတ်ပုံတင်ထားတာပါ။ သူဟာ “Kimono Body”၊ “Kimono Intimates” နဲ့”Kimono World” ဆိုပြီးတော့လည်း ကုန်ပစ္စည်းတွေကို အမှတ်တံဆိပ် မှတ်ပုံတင်ထားပါတယ်။
အပေါ်ရုံ အဝတ်တွေရဲ့ အောက်မှာ ချောမွေ့တဲ့ပုံစံကို ပုံဖော်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အဲ့ဒီအောက်ခံ ဝတ်စုံကိုတော့ အရောင်တော်တော်များများနဲ့ ဝယ်ယူ ရရှိနိုင်ပါတယ်။
Kim ကတော့ သူ့ရဲ့ အသားအရေ ကာလာနဲ့ လိုက်ဖက်မယ့် အတွင်းခံကို ရှာဖွေနိုင်ခဲ့ခြင်း မရှိတာကြောင့် အဲ့ဒီအတွက် အဖြေတခုရှာဖို့ လိုအပ်ခဲ့တဲ့အကြောင်း Twitter မှာ ပြောဆိုထားပါတယ်။ လူတော်တော်များများကတော့ အခုလိုမျိုး ဂျပန်ယဉ်ကျေးမှုမှာ အထင်ကရဖြစ်တဲ့ စကားလုံးကို ကုန်ပစ္စည်းအနေနဲ့ သတ်မှတ်လာတာဟာ ကိစ္စကြီးတရပ် ဖြစ်တယ်လို့ ယူဆလာကြပါတယ်။
တချို့ကတော့ အခုလိုမျိုး ရိုးရာဝတ်စုံဟာ အတွင်းခံဝတ်စုံရဲ့ နာမည်ဖြစ်သွားပြီဆိုပြီး မကျေမနပ်ဖြစ်နေကြတဲ့ အသံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။
Ref. BBC
You may also like these stories:
တိရစ္ဆာန်အရေခွံများကို ဖက်ရှင်အဖြစ် ဖန်တီးမည် မဟုတ်ကြောင်း ဗစ်တိုးရီးယားဘက်ခမ်း ကြေညာ
ဖိနပ်နှင့် အဝတ်အစားများ ရောင်းချရန် Adidas နှင့် Beyonce တို့ ပူးပေါင်း