ကမ္ဘာကျော် ဘောလိဝုဒ်မင်းသား ရှာရွတ်ခန်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ အနုပညာသက်တမ်း ၂၇ နှစ် ပြည့်မြောက်သွားခဲ့ပြီဖြစ်ပြီး နှလုံးသားထဲက တထောင့်တနေရာမှာ သူ့ကိုနေရာထားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
အသက် ၅၃ နှစ်အရွယ်၊ မင်းသား ခန်ဟာ ၁၉၉၂ ခုနှစ်မှာ မင်းသားကြီး Rishi Kapoor ၊မင်းသမီး Divya Bharti တို့နဲ့အတူ ပါဝင်ထားတဲ့ “Deewana” အချစ်ဒရာမာမှာ ပထမဆုံး ပွဲဦးထွက် ပါဝင်ခဲ့ပါတယ်။
အဲဒီ ရုပ်ရှင်ထဲက နာမည်ကျော် သီချင်းကို ပြန်လည်ဖန်တီးခဲ့ပြီး မင်းသားက “ကမ္ဘာပေါ်မှာ ကျနော့်ရဲ့ဘဝသက်တမ်းတဝက်လောက်ဖြစ်တဲ့ အိန္ဒိယရုပ်ရှင်လောကမှာ ၂၇ နှစ်တာကာလတွက် ကျေးဇူး အရမ်းတင်တယ်လို့ ပြောချင်ပါတယ်။ ပရိသတ်တွေကို ဖျော်ဖြေဖို့ နှစ်ပေါင်း ၂၀ ကျော်ကြာ ကြိုစားခဲ့ပြီး တခါတလေ အောင်မြင်ခဲ့ပေမယ့် အချိန်တော်တော် များများမှာ ကျနော် ကျရှုံးခဲ့ပါတယ်”
“ဒါကြောင့် ‘Deewana’ လို့ခေါ်တဲ့ ရုပ်ရှင်ထဲမှ ‘Koi na koi chahiye’ ဆိုတဲ့ သီချင်းလေးကို ဆိုပြီး ဆိုင်ကယ်တစီးနဲ့ ကျနော် လာခဲ့ပြီး ပရိသတ်တွေထဲ နှလုံးသားထဲကို ရောက်လာခဲ့ချိန်ပြီးကတည်း နှစ်ပေါင်းများစွာကြာ ကျနော်နဲ့အတူ သည်းခံပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ ကျနော့်ကို ပရိသတ်တွေက နှလုံးသားထဲ ထည့်ခဲ့ရုံသာမက နှစ်ပေါင်းများစွာ နှလုံးသားထဲမှာထားရှိခဲ့ကြပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်”လို့ Twitter မှာတင်ထားတဲ့ ဗီဒီယိုထဲမှာ ပြောဆိုထားပါတယ်။
ပြီးတော့ မင်းသားက ယာဉ်လမ်းကြော ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်တဲ့ သတင်းစကားတခုကိုလည်း မျှဝေခဲ့ပါတယ်။
သူက “တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ လွန်ခဲ့တဲ့ ၂၇ နှစ်က ‘Deewana’ ရုပ်ရှင်မှ စတန့်ပြကွက်တွေကို လုပ်ဖို့ မော်တော်ဆိုင်ကယ် ကုမ္ပဏီတခုက ကျနော့်ရဲ့ သူငယ်ချင်းတွေက မော်တော်ဆိုင်ကယ် နှစ်စီးကို ပေးပို့ခဲ့ပါတယ်။ ကျနော်က ထူးခြားတာတခုကို လုပ်ပြမှာပါ။ ဒါပေမယ့် ဒီတကြိမ်မှာတော့ မတူတော့ပါဘူး။ ကျနော် ဦးထုပ်ကို ဆောင်းထားမှာပါ။ ဆိုင်ကယ်စီးနေချိန်မှာ ဦးထုပ်အမြဲတမ်း ဆောင်းထားကြပါ”လို့လည်း ပြောကြားခဲ့ပါတယ်။
အခုအချိန်အထိ ရုပ်ရှင်တွေရိုက်နေဆဲဖြစ်တဲ့ မင်းသား ခန်ဟာ လောလောဆယ်မှာတော့ ရုပ်ရှင်ရိုက်ကူးရေးတွေ ခေတ္တ နားထားပါတယ်။ သူနောက်ဆုံး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကတော့ ဒါရိုက်တာ Aanand L Rai ရိုက်ကူးတဲ့ “Zero” ရုပ်ရှင် ဖြစ်ပါတယ်။
Ref. ptinews
You may also like these stories:
ပရိသတ် အချစ်နဲ့ လေးစားမှုက ကျော်ကြားမှုထက် ပိုတန်ဖိုးရှိတယ်လို့ Salman Khan ဆို
ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား
အတိတ်ရဲ့အရိပ်ဆိုး စိတ်ဒဏ်ရာတွေကြောင့် အိမ်နဲ့ ဝေးဝေး မသွားချင်တဲ့ Ariana Grande