လတ်တလော ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်း ပြဿနာတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်က စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက မီဒီယာတွေကို အခုလိုပဲ ပြောပါတယ်။
“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး မိန်းမသားချင်းလည်း ကိုယ်ချင်းစာတယ်။ လူသားချင်းလည်း ကိုယ်ချင်းစာတဲ့စိတ်နဲ့ ဒေါသထွက်တာတွေလည်း ရှိတယ်။ လူသားချင်း ဘာလို့ ကိုယ်ချင်း မစာမနာ လုပ်ရတာလဲ။ ဒါလုပ်ရင် ဘယ်လောက် နာကျင်မယ်။ လူတယောက်ဘဝ ဘယ်လောက်ထိ ပျက်စီးသွားမလဲ၊ အသက်ပါ ဆုံးရှုံးရမယ်ဆိုတာကို သိသိကြီးနဲ့ ဘာလို့ အသိစိတ်တွေ ပျောက်ကြတာလဲဆိုတဲ့ စိတ်တွေနဲ့ ဒေါသ ထွက်မိပါတယ်”
“လူကို မုဒိမ်းကျင့်တာထက် စိတ်ကို မုဒိမ်း ကျင့်သွားတယ်။ သူတို့ဘဝကို မုဒိမ်းကျင့်တယ်။ သူတို့ဘဝကြီး တခုလုံး ပျက်သွားတယ်။ သူတို့ လူမသေရင်တောင် ဒီကလေးတယောက် ကြီးပြင်းလာချိန် သူ့စိတ်သူ လိပ်ပြာလုံတော့မှာ မဟုတ်သလို ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အကြည့်တွေကြောင့် စိတ်မှာ လိပ်ပြာ မလုံစွာနဲ့ နေရတော့မှာ ဖြစ်တဲ့အတွက် ဒီလို မုဒိမ်းကျင့်တဲ့ မုဒိမ်းကောင်တွေကို အရမ်း ရွံရှာပါတယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
ဆက်လက်ပြီး ထက်ထက်ထွန်းက မြန်မာနိုင်ငံမှာ မှောင်ရိပ်ခိုပြီး မကောင်းမှုပြုလုပ်ရမယ့် နေရာတွေ အများကြီး ရှိနေတာကြာင့် အဲ့လို နေရာတွေ ပပျောက်ဖို့အတွက် နိုင်ငံတော်နဲ့ စည်ပင်က ပူးပေါင်းပြီး လုပ်ဆောင်သင့်တယ်လို့ ထင်ကြောင်း မီဒီယာတွေကိုပြောပါတယ်။
“မှောင်ရိပ်တွေ ဖုံးနေတဲ့ နေရာတွေ ထက်တို့နိုင်ငံမှာ အများကြီး ရှိပါတယ်။ မှောင်ရိပ်ခိုပြီး မကောင်းမှု ပြုနိုင်မယ့် နေရာတွေ အများကြီး ရှိပါတယ်။ အဲ့လိုနေရာတွေ ပပျောက်ဖို့အတွက် နိုင်ငံတော်နဲ့ စည်ပင်က ပူးပေါင်းပြီး လုပ်ဆောင်သင့်တယ်လို့ ထင်တယ်။ တဦး တယောက်တည်းမှာလည်း မူမတည်နေဘူး။ အားလုံးပူးပေါင်း ပါဝင်သင့်ပါတယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဥပဒေ အားနည်းတာကြောင့် ဥပဒေနဲ့ သေချာထိရောက်စွာ အရေးယူဖို့လည်း လိုအပ်တယ်လို့လည်း ထက်ထက်ထွန်းက ဆိုပါတယ်။
“ဥပဒေ အားနည်းတယ်ဆိုတာလည်း ပါတယ်ပေါ့နော်။ အနည်းဆုံး အိမ်မှာ ဒီမုန့်ကို ခိုးစားရင် အမေရိုက်မယ်ဆိုတာ ပြောထားရင် ခိုးစားရဲမှာ မဟုတ်ဘူးလေနော်။ ဆုပေး၊ ဒဏ်ပေးဆိုတဲ့အတိုင်း ဆုပေးတာလည်း ရှိသင့်သလို ဒဏ်ပေးတာလည်း ရှိသင့်တယ်။ ဒဏ်မပေးရင် ဘယ်သူမှ မကြောက်ဘူး။ လူတွေက မကောင်းမှုမှာပဲ မွေ့လျော်ကြတယ်။ မကောင်းမှုမှာပဲ ပျော်ရွှင်ကြတယ်”
“ကိုယ့်ကို တုံ့ပြန်ရင် အရမ်းကြောက်ကြတာမျိုးလေ။ သေချာ ဥပဒေက ထိရောက်စွာ အရေးယူဖို့လည်း လိုအပ်တယ်။ အရေးယူတာကလည်း ထိရောက်ဖို့ လိုအပ်တယ်။ အရေးယူပေးတယ်ဆိုပြီး နောက် ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တာမျိုးတွေ၊ တယောက်ယောက် အစားထိုးတာမျိုးတွေ မဖြစ်စေချင်ဘူး။ တကယ် ကျူးလွန်လိုက်တဲ့ သားကောင်ကို တကယ်ကျူးလွန်ရတဲ့ အပြစ်အတွက် ခံစေချင်ပါတယ်။ စာနာစိတ် မရှိလို့ မဟုတ်ပါဘူး”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
ဆက်လက်ပြီး “ပပျောက်ဖို့ကလည်း ပတ်ဝန်းကျင် တခုလုံး ပူးပေါင်း ပါဝင်မှ ရပါမယ်။ ကိုယ်တိုင် ကျူးလွန်ခံရမယ့် သားကောင်အတွက်လည်း ကျူးလွန်မှုတွေ လိုအပ်တယ်။ သူကိုယ်တိုင် ကာကွယ်နိုင်ဖို့ အသိဉာဏ်ပညာတွေ၊ ပညာပေးတာလေးတွေ လုပ်ပေးသင့်တယ်”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
အလှမယ် ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ်တဦး ဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးမှာ National Costume ဆုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာလည်း ထက်ထက်ထွန်းဟာ မဲဆန္ဒနယ် အမှတ် (၃) ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
You may also like these stories:
“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော
ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရသည့်အမှု ကြန့်ကြာနေ
သက်ငယ် မုဒိမ်းမှုတွင် လာဘ်စားသည်ဟု ရဲစခန်းမှူး တဦး စွပ်စွဲခံရ
သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု
အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ