နိုင်ငံကျော် မိတ်ကပ်ပညာရှင်တဦးဖြစ်တဲ့ မိတ်ကပ် ခင်စန်းဝင်းကတော့ မိန်းမလျာတဦး ဖြစ်လာခဲ့တဲ့အပေါ် အကောင်းဆုံး နေထိုင်သွားမယ်ဆိုတဲ့ စိတ်နဲ့ ရှင်သန်လာခဲ့ရတယ်လို့ ပြောပါတယ်။
“အခုခေတ်က ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီး ရောက်လာပြီ။ မကြီးတို့ခေတ်ကဆို ပိုဆိုးတာပေါ့။ မိန်းမလျာဆိုတာက တမြို့နယ်မှာ တယောက်လောက် ရှိတာကိုး။ ရန်ကုန် တမြို့လုံး ပေါင်းလိုက်ရင် ၁၀ ယောက်၊ ၁၅ ယောက်လောက် ရှိတဲ့ အခြေအနေမျိုးမှာ ရှင်သန် ကြီးထွားလာခဲ့ရတယ်ဆိုတော့။ အဲ့အချိန်ကဆို မိန်းမလျာမြင်ရင် မျောက်မြင်သလိုပဲ။ ဝိုင်းစတယ်။ ဝိုင်းနောက်တယ်”
“ခြေထောက်နဲ့ ကန်တဲ့သူက ကန်တယ်။ လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ်။ အစ်ကိုတွေကလည်း မိန်းမလျာဖြစ်တာ မကြိုက်။ အစ်ကို ဝမ်းကွဲတွေ အများကြီးရှိတော့ သူတို့ရဲ့လက်သီးနဲ့ ထိုးတာတို့ ဆောင့်ကန်တာတို့ အများကြီး ခံရတယ်”လို့ ခင်စန်းဝင်းက ပြောပါတယ်။
မိန်းမလျာတယောက် ဖြစ်တဲ့အပေါ်မှာ ပတ်ဝန်းကျင်က စော်ကားခြင်း ပြုမှာစိုးတဲ့အတွက် မိသားစုအသိုင်းအဝိုင်းက ကိုယ်တိုင် ဆုံးမတာတွေ ရှိခဲ့ပြီး ကိုယ်တိုင်အနေနဲ့လည်း မွေးဖွားကတည်းက ပါလာတဲ့ပင်ကိုယ် စိတ်ဖြစ်တဲ့အတွက် ဘာမှ လုပ်ယူလို့မရဘူးလို့ ဆိုပါတယ်။
“သူတို့ကတော့ ကိုယ်တွေကို သူများမစော်ကားခင် သူတို့ကိုယ်တိုင် ဆုံးမတာပေါ့လေ။ ငယ်ငယ်ကဆို ဆက် မရှင်သန်ချင်တော့တဲ့ စိတ်တွေ ကိုယ်လုပ်တာလည်း မဟုတ်ဘူး။ မွေးဖွားလာကတည်းက ပါလာတဲ့ဟာဆိုတော့ ကိုယ့်ဘာသာလည်း ဘာမှ လုပ်ယူလို့မရဘူး။ တော်တော်လေးတော့ အချိန်တွေ အများကြီးပေးဆပ်ခဲ့ရတယ်”
“ဒါပေမဲ့ မကြီး ကိုယ့်အတတ်ပညာလေးကို ကြိုးစားတယ်။ ရပ်တည်တယ်။ နေရာလေးတခု ရလာတယ်။ ရပ်တည်လာနိုင်တယ်ဆိုတော့ အရင်က ပြောခဲ့တဲ့သူတွေ ဘာမှမပြောတော့ဘူး။ အဓိကကတော့ မိသားစုက တခြားသူ စော်ကားမှာစိုးလို့ ဆုံးမတာပေါ့”လို့ ခင်စန်းဝင်းက ပြောပါတယ်။
ပတ်ဝန်းကျင်ရဲ့ပြောစကားများကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်မယ့် အရာမျိုးလုပ်ဖို့အတွက် သတ္တိ မရှိဘဲ လူငယ်များကိုလည်း လတ်တလောဖြစ်ပေါ်လာတဲ့ ခံစားချက်ပေါ် မူတည်ပြီး မဆုံးဖြတ်ဖို့လည်း ပြောပြခဲ့ပါတယ်။
“ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လောက်ထိတော့ သတ္တိ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ဖြစ်တည်လာတဲ့အပေါ်မှာ အကောင်းဆုံး နေထိုင်သွားမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရှင်သန်လာတာ။ လတ်တလောဖြစ်လာတဲ့ ခံစားချက်တခုအပေါ်မှာ မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့။ လူဆိုတာ ဘဝအများကြီး ရှိပါသေးတယ်။ ရှေ့လျှောက်ရမယ့်လမ်းတွေ အများကြီး ရှိပါသေးတယ်။ ကိုယ်တတ်ထားတာနဲ့ လူ့ဘောင်လောကကို ဘယ်လို ပေးဆပ်ရမလဲဆိုတာတွေ အများကြီးပါ။ အလွယ် မဆုံးဖြတ်ပါနဲ့”လို့ ခင်စန်းဝင်းက ပြောပါတယ်။
ခင်စန်းဝင်းကတော့ မိန်းမလျာတဦးအနေနဲ့ ကောင်းမွန်စွာ သူတတ်မြောက်တဲ့ ပညာများနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပြီး သူ့လို မိန်းမလျာများကိုလည်း ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပေးဖို့အတွက် အသင့်ရှိနေတယောက်လည်း ဖြစ်ပါတယ်။
You may also like these stories:
“မိန်းမလျာတွေကို အရင်လို မဟုတ်ဘဲ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်လာကြတယ်”လို ခင်စန်းဝင်း ပြော
“လျှပ်ပေါ်လော်လီ သိပ်မနေတဲ့သူဆိုတော့ ဟာသတွေ လုပ်ခိုင်းမှာတော့ စိုးရိမ်တယ်”
မိတ်ကပ်ဖန်တီးရှင်များကို ပွဲထုတ်ရိုက်ကူးမယ့် “ကျားကျားကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီး
“လူမှန်းသိတတ်စအရွယ်ကတည်းက ကိုယ့်ကိုယ်ကို မိန်းမလို့ ခံယူထားတယ်”