ရုပ်ရှင်ဇာတ်ကားကောင်း ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကတော့ သရုပ်ဆောင် ကျော်ဟိန်း၊ ဒွေးတို့နဲ့ ရိုက်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းကို ၁၀၀ ရာခိုင်နှုန်း အပြည့် ကြိုးစားပြီး သရုပ်ဆောင်သစ်များနဲ့ ပြန်လည် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
“ငါတို့သည် ဇာတ်ကားက ၁၉၈၅ ခုနှစ်က ဖြစ်တဲ့ အဖြစ်အပျက်လေးတခုကို အရင်တုန်းက ကိုသားကြီး (ဒွေး)က စာတိုက်ကနေ တောင်းတာ ရှိတယ်။ ဇာတ်လမ်းတော့ မဟုတ်ဘူး။ ဖြစ်တဲ့ အဖြစ်ပျက်လေးတခုကို ရေးပေးလိုက်တာ။ အဲ့ဒါလေးကို ကိုးကားပြီးတော့ ဦးကျော်ဟိန်းနဲ့ ရိုက်ရင် ကောင်းမလားဆိုပြီး ပြင်ဆင်ခဲ့တယ်။ နောက်ကျတော့ အချိန်တွေ ကြာပြီး ဇာတ်မပြီးတာနဲ့ အရင်က Team Work မရှိတော့ အဲ့ ဇာတ်က ချောင်ထိုးခံထားရတယ်”
“အခု ကျနော်ကို မတူတဲ့ ပုံစံလေး ရိုက်ချင်တယ်၊ စဉ်းစားပါလားဆိုပြီး ပရိုဂျူဆာက ပြောတော့ ကျနော် ဒီဇာတ်လေး ပြောပြတော့ ကြိုက်တယ်။ ဟိုအရင်တုန်းက ရေးထားတာလေးကို ပြောင်းပြီး လုပ်ဖြစ်သွားတယ်။ အဲဒီအတွက်တော့ ကျနော်တို့ စွန့်စားရမှာပေါ့နော်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။
“ဇာတ်လမ်း တည်ဆောက်ပုံနဲ့ ကျနော်တို့ ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ချ်နဲ့ ဆွဲဆောင်ရမှာပေါ့။ ဒီဇာတ်ကားထဲမှာလည်း ကျနော်တို့ရဲ့ လုပ်အားတွေ၊ ကြိုးစားအားထုတ်မှုတွေ အပြည့်ရှိရမယ်ပေါ့နော်။ ကျနော်တို့ဘက်က ၁၀၀ ရာခိုင်နှုန်း အပြည့် ကြိုးစားသွားရင်တော့ ပရိသတ်တွေဆီက ရလဒ်ကောင်း တခုတော့ ရမှာပါ။ ကျနော်တို့ကတော့ နေရာ ၃ နေရာ ရိုက်မယ်။ သီပေါဘက်မှာ တခါ ရိုက်ရမယ်။ ပုသိမ်ကြီးအောက်က ရေတံခွန်တောထဲမှာ တခါ ရိုက်ရမယ်။ နေပြည်တော် လှေကွင်းတောင်မှာ တခါ ရိုက်ရမှာပေါ့။ သာမာန်ကားထက်တော့ ကုန်ကျစရိတ် နည်းနည်းပိုတယ်’’လို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။
သရုပ်ဆောင်အသစ် လူငယ်တွေကို ဦးစားပေး ရိုက်တဲ့ ဒါရိုက်တာ စတီးလ်က ရုံပေါ်တင်လိုက်လို့ ပရိသတ်က မဆိုးပါဘူးဆိုတာကို ကြားရရင် ကျေနပ်ပြီလို့ ပြောပါတယ်။
“သရုပ်ဆောင် အင်အားများတာက အသစ်တန်း လူငယ်တွေကို ဦးစားပေး ရိုက်တဲ့ သဘောပါ။ ပြသရေး စနစ်မှာက လူငယ်တွေအတွက် နေရာမရှိဘူး ဆိုတာကို ထုတ်မပြောတာပဲ ရှိတယ်။ သွားနေတဲ့ပုံစံက နာမည်ကြီးပြီးသားတွေကို ပြမယ်။ အသစ်တွေအတွက် ဆန်းသစ်တာတွေ မရှိဘူး။ အသစ်၊ အသစ်တွေ ရိုက်ထားတဲ့ လူငယ်တွေအတွက် ရင်လေးစရာပါ။ အဲ့အတွက် ကျနော်တို့က ရေစီးကြောင်းအတိုင်း မလိုက်တော့ဘူး။ အကောင်းဆုံးလုပ်မယ်။ ကျန်တာတော့ ပရိသတ်ဆုံးဖြတ်လိမ့်မယ်။ ကျနော်တို့ ဒီဘက်ခေတ် လူငယ်တွေနဲ့ ဆန်းသစ်ကြမယ်”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။
“ကိုနေထက်လင်းနဲ့ ကိုနေမျိုးအောင်က ဇာတ်ရုပ်အထူး သရုပ်ဆောင်ခိုင်းမှာ။ သူတို့မလုပ်ဖူးသေးတဲ့ ကာရိုက်တာကို လုပ်ခိုင်းမှာ။ ကျနော်တို့ ခါတိုင်းစဉ်းစားရင် ဦးအောင်ခိုင်တို့ကို စဉ်းစားကြမှာပေါ့။ ပရိသတ်က ဒီနေရာမှာတော့ ဒီလူကို သရုပ်ဆောင်ခိုင်းမှာပဲ မြင်နေမှာစိုးလို့ သရုပ်ဆောင် နှစ်ယောက်ကို စမ်းလိုက်တာ။ ရုံပေါ်တင်လိုက်လို့ ပရိသတ်က မဆိုးပါဘူး ဆိုတာလေးကို ကြားရရင်ကို ကျေနပ်ပြီ”လို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။
“ငါတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် အလင်းရောင်၊ ထွန်းကိုကို၊ ခါရာ၊ ထူးခြား၊ တိုင်ရွန်၊ နေထက်လင်း၊ နေမျိုးအောင်၊ သျှင်မြတ်၊ နေရဲ၊ သိန်းလင်း၊ စိစိ၊ ရွှေသမီး၊ ရွှေပိုးအိမ်၊ လမင်းကဗျာ တို့က အဓိက ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ Life ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ဟာ “ခိုး၊ ဆိုး၊ လု၊ နှိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်လာတဲ့ ဒါရိုက်တာ တယောက် ဖြစ်ပါတယ်။
You may also like these stories:
“အနုပညာရပ်ဝန်း အရိပ်အောက်မှာပဲ ရှိနေပါတယ်”လို့ ပြောတဲ့ ဟက်ကက်
အလုပ်လက်မဲ့ သဘောမျိုး ဖြစ်နေကြပြီလို့ လူကြမ်းသရုပ်ဆောင် မျိုးဝင်း ပြော
ရုပ်ရှင်ပရိသတ်၏ ဆာလောင်မှုနှင့် ရုပ်ရှင်မျိုးဆက်သစ်များ