အဆိုတော် ယုန်လေး ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကို တပတ်တည်းနဲ့ ရုံချသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အဲဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
“သတိ အန္တရာယ်ရှိသည် ဇာတ်ကားက ပရိသတ်လည်း အထိုက်အလျောက် အားပေးပါတယ်။ ဝင်ငွေစံချိန်လည်း ကောင်းပါတယ်။ တပတ်တည်းနဲ့ သမ္မတရုံကနေ ဖယ်ပေးရတယ်ပေါ့။ ကျန်တဲ့ ရုံသေးလေးတွေ တင်နေသေးလို့ ပြောကြတယ်။ ဇာတ်ကားထဲမှာ ပိုက်ဆံကို ခြေထောက်ကန်တဲ့ အခန်းပါလို့တဲ့။ ဖယ်ရင်တော့ အရေး မယူဘူး။ မဖယ်ရင်တော့ အရေးယူမယ်ဆိုပြီး ရှိတယ်။ အဓိက ဇာတ်ကား ရုံချပေးဖို့ပဲပေါ့ဗျာ။ ကျနော်လည်း သေချာတော့ မသိဘူး”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
“ကျနော်တို့က ရုံမတင်ကတည်းက ဆင်ဆာထိတယ်။ အခုလည်း ထပ်ဖြစ်တယ်။ ကျနော်တို့လို အသစ်တွေက ဇာတ်ကား ရုံတင်ခံရဖို့ သိပ်မလွယ်ဘူး။ ရိုက်ပြီးကတည်းက တင်မယ့် နေ့စောင့်ရတာ အရမ်းမောတယ်။ ရုံရက်ရလို့ တင်ပြီဆိုတော့လည်း အားလုံး တက်တက်ကြွကြွနဲ့ ဝန်းရံကြတယ်။ ပရိသတ်က ကြည့်ချင်ပေမယ့် တင်စရာ ရုံမရှိတော့ ဝမ်းနည်းတယ်။ စိတ်လည်း မကောင်းဘူး။ တကားနဲ့ တကား အရမ်းဝေးတော့ ကိုယ့်ကားလေး တင်ချိန်မှာ ကြာကြာလေးတော့ တင်စေချင်တာပေါ့”လို့ တိုင်ရွန်က ဆိုပါတယ်။
သရုပ်ဆောင် တိုင်ရွန်ကတော့ မကြာခင် ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်ကားကြီးမှာ မရိုက်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“ဒီဇာတ်ကားရဲ့ အဓိက ဆွဲဆောင်မှုက ကျနော် တခါမှ မရိုက်ရသေးတဲ့ ဇာတ်ရုပ်မျိုးလည်း ဖြစ်တယ်။ ပြီးတော့ အဝတ်အစားရော၊ ခေတ်ရော မတူဘူး။ အရင်ခေတ်ပုံစံ ရိုက်မယ်ဆိုတော့ လုပ်ချင်တာလည်း ပါတယ်။ ကိုစတီးလ် ရိုက်တဲ့ ဇာတ်ကားတွေမှာလည်း အသစ်တွေကို ပိုပြီး ဖြစ်မြောက်အောင် ရိုက်ပေးတဲ့အတွက်ကြောင့်မို့လို့ လက်ခံရိုက်ကူး ဖြစ်တာပါ”
“ကာရိုက်တာက ညီအစ်ကို နှစ်ယောက်၊ အဲ့ထဲမှာ အလင်းရောင်က နည်းနည်းအေးတယ်။ ကျနော်က စွာတယ်။ အဲ့လို ပုံစံမျိုးလေးပါ။ နယ်တွေလည်း သွားရိုက်ရမှာဆိုတော့ စိတ်လှုပ်ရှားတယ်။ တောတောင်ထဲမှာ ရိုက်ရမယ်။ ကိုယ့်သူငယ်ချင်းတွေလည်း ပါတော့ ပျော်တာပေါ့နော်။ ကျနော် ဇာတ်ကား နယ်ထွက် ရိုက်ရရင် အရမ်းပျော်တာ”လို့ တိုင်ရွန်က ပြောပါတယ်။
မော်ဒယ်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ တိုင်ရွန်ဟာ သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်တဲ့သူ ဖြစ်အောင် ကြိုးစားနေပြီး သူ့အနေနဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။
တိုင်ရွန် ပါဝင်သရုပ်ဆောင်ထားတဲ့ “သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ကို ဇွန်လ ၂၀ ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး အဲဒီဇာတ်ကားကို အဆိုတော် ယုန်လေး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားပြီး သရုပ်ဆောင် မြင့်မြတ်၊ ယုန်လေး၊ K ညီ၊ အောင်လေး၊ တိုင်ရွန်၊ ဘိုချမ်းနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
You may also like these stories:
“သတိအန္တရာယ်ရှိသည်”ဇာတ်ကားမှာ ငိုရလွန်းလို့ ရင်ဘတ်အောင့်ခဲ့ရတယ်လို့ ခင်ဝင့်ဝါ ပြော
အက်ရှင်ဇာတ်ကားတွေကို ပိုရိုက်ချင်တဲ့ သရုပ်ဆောင် တိုင်ရွန်