Entertainment

ဒွေးနဲ့ ကျော်ဟိန်းတို့ မရိုက်ဖြစ်ခဲ့တဲ့ "ငါတို့သည်" ရုပ်ရှင်မှာ ပါဝင်ရလို့ ဂုဏ်ယူနေတဲ့ ထွန်းကိုကို

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်မှာ ပါဝင်ခွင့်ရတဲ့အတွက် သရုပ်ဆောင် ထွန်းကိုကိုက ကိုသားကြီး (ဒွေး) နဲ့ ဦးကျော်ဟိန်းတို့ ရိုက်မယ့် ဇာတ်ကားမှာ အခုလို ရိုက်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

“ကျနော် ‘ငါတို့သည်’ ဇာတ်ကားအတွက် ကာရိုက်တာကို ကြိုပြင်ဆင်ထားတယ်။ ၁၉၈၅ ခုနှစ်လောက်က ပုံစံမျိုးလေးတွေ ရိုက်မှာဆိုတော့ အဲ့ခေတ်က ပုံစံလေးတွေ စီစဉ်ထားတယ်။ ကျနော်တို့အတွက် တာဝန်ပိုကြီးတယ်။ ဘာလို့လဲဆိုတော့ ကိုသားကြီး (ဒွေး) တို့ ရိုက်မယ့် ဇာတ်ကားကို ရိုက်ခွင့်ရဖို့ ကိုစတီးလ်က ဖန်တီးတာဆိုတော့ ကျနော်တို့ ဂုဏ်ယူတယ်။ ကျနော်တို့လည်း အများကြီး ကြိုးစားသွားရမယ်”

“ပရိသတ်တွေကလည်း စိတ်ဝင်စားကြတယ်။ စောင့်လည်း စောင့်မျှော်နေကြတာဆိုတော့ ကျနော်တို့ တာဝန်ကျေကျေနဲ့ အများကြီး ကြိုးစားရမယ်။ တယောက်တည်း ကောင်းနေလို့လည်း မရဘူးပေါ့။ တက်ညီလက်ညီနဲ့ အားလုံး ပေါင်းလုပ်ရမှာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖို့ရှိတဲ့ ထွန်းကိုကိုက ရိုက်ကူးပြီးသားကားတွေ ရုံတင်ခွင့်မရသေးတဲ့ အတွက် စိတ်မကောင်းဘူးလို့လည်း ဆိုပါတယ်။

“ရင်ဝှက်အက္ခရာ ကားလေးက အချစ်ကားလေးပေါ့၊ အဲ့ကားလေးအတွက် Location တွေ၊ ဖက်ရှင်တွေ၊ အသစ်တွေ မြင်တွေ့ရမှာပေါ့။ ဖက်ရှင်ဆိုရင်လည်း နိုင်ငံခြားကလာပြီး Stylist လုပ်ပေးတာကို ဝတ်ရတယ်။ Location တွေက ပူတာအို၊ ဘန်ကောက်၊ ကိုရီးယားမှာ ရိုက်တယ်။ ကျနော်တို့ ဘက်က သရုပ်ဆောင်မှုကိုပဲ အားထုတ်ရမို့ သရုပ်ဆောင်မှုတွေကို လုပ်ပြနိုင်ခဲ့တယ်”

“မြန်မာနိုင်ငံက ရိုက်ကူးမှုတွေမှာ အဝတ်အစား ကိုယ့်ဘာသာ စီစဉ်ရတယ်။ ဒီကားမှာတော့ အဝတ်အစားပိုင်းကို စီစဉ်စရာ မလိုတော့ ကာရိုက်တာပိုင်းကို ဦးစားပေးတာပေါ့။ အဲ့ဒါလေးတွေတော့ ကွာခြားတယ်။ ကျနော် ရုံတင်မယ့် ကားတွေက “သခင်ကြီးနဲ့ ငပိတို့စရာ”က ရုံတင်ဖြစ်မယ်ဆိုပြီး မတင်ဖြစ်သေးဘူး ကြားတယ်။ အဲ့အတွက် စိတ်မကောင်းပါဘူး။ “နိုင်ငံကြီးသား”ကတော့ တင်တော့မယ် ကြားတယ်။ ဇာတ်ကားတွေလည်း ဆက်တိုက် ရိုက်ကူးဖို့ ရှိပါတယ်”လို့ ထွန်းကိုကိုက ဆိုပါတယ်။

သရုပ်ဆောင် ထွန်းကိုကိုဟာ ၂၀၁၃ ခုနှစ် ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ 2013 Asia Model Festival ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုရယူနိုင်ခဲ့တဲ့ Mister တဦးအဖြစ် လူသိများပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေသူ ဖြစ်ပါတယ်။

You may also like these stories:
သရုပ်ဆောင် အသစ်တွေကို နေရာပေးပြီး ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်

ကိုရီးယားမင်းသား Mah Wom Woo နဲ့ တွဲပြီး သရုပ်ဆောင်မယ့် ထွန်းကိုကို

Loading