လက်ရှိ မြန်မာ့ရုပ်ရှင်လောကနဲ့ မော်ဒယ်လောကမှာ အောင်မြင်နေတဲ့ မင်းသား၊ မင်းသမီး၊ မော်ဒယ်များကို မွေးထုတ်ပေးခဲ့တဲ့ Star Event Production မှ ဂျွန်လွင်ကတော့ တပည့်များစွာ ရှိတဲ့ထဲမှာ အောင်ရဲလင်းနဲ့ မိုးဟေကိုက အောင်မြင်သွားလည်း မပြောင်းလဲဘူးလို့ ပြောပါတယ်။
“စိတ်ဓာတ် ပြောင်းလဲတဲ့ထဲမှာ မိုးဟေကိုနဲ့ အောင်ရဲလင်းက မပါဘူး။ တပည့်တွေထဲမှာ ပေါ့နော်။ ကျနော် Fashion Week ဆိုတာ လုပ်ပါတယ်။ သူတို့ကိုလည်း ပိုက်ဆံ အများကြီး မပေးနိုင်ဘူး။ လုပ်ခါနီး အချိန်တိုင်းကိုလည်း အောင်ရဲလင်း ကိုယ်တိုင်က ဘယ်နေ့ဝင်ပါပေးရမလဲ၊ ဘယ်နေ့ ထည့်ပေးမလဲဆိုပြီး ပြောတယ်။ မိုးဟေကိုဆိုရင်လည်း သမီး ပါပေးမယ်နော် ပြောတယ်။ ကျန်တဲ့ တပည့်တွေကတော့ ခေါ်ရင်တော့ လာတာပေါ့နော်။ တခါမှတော့ သူတို့က အရင်မပြောဘူး”လို့ Star Event Production တည်ထောင်သူ ဂျွန်လွင်က ပြောပါတယ်။
တပည့်ဖြစ်သူ သရုပ်ဆောင် မိုးဟေကိုနဲ့ စတင် တွေ့ဆုံခဲ့ပုံကိုလည်း ဂျွန်လွင်က အခုလိုပဲ ပြောပြခဲ့ပါတယ်။
“မိုးဟေကိုကို စပြီးတော့တွေ့တာ ကိုချိုကြီးအိမ်မှာ တွေ့ခဲ့တဲ့ အချိန်က သူလည်း ဒီလိုဒီလို အလုပ်တွေ လုပ်နေပါတယ်လို့ ပြောတဲ့အချိန်ကစပြီး ကူညီပေးမယ်ဆိုပြီးကူညီပေးခဲ့တယ်။ အဲ့အချိန်ကနေစပြီး ဒီနေ့အချိန်ထိ ဒါလုပ်သင့်တယ်လို့ဆိုရင် သူ တသွေမတိမ်း လုပ်လိုက်တယ်။ အဲဒါကြောင့်လည်း ဒီနေရာ တနေရာရောက်ရခြင်း ဖြစ်တယ်”လို့ ဂျွန်လွင်က ပြောပါတယ်။
“ကျနော် ကိုယ်တိုင် ၃၅ လမ်းက ရုပ်ရှင်ထုတ်လုပ်ရေးတွေကို လိုက်မိတ်ဆက်ပေးတယ်။ အဲ့လူတွေနဲ့ အဆင်ပြေအောင် နေရမယ်။ ဘယ်လိုတွေ လုပ်ရမယ်ဆိုပြီး ချိတ်ဆက်ပေးလိုက်တယ်။ သူ့ဘာသာ လမ်းကြောင်းလေး တခုပေါ် ရောက်လာတယ်။ ရောက်လာတဲ့ပေါ် မူတည်ပြီး နောက်က ဖေးမပေးတယ်။ ဖြစ်လာတဲ့ ကိစ္စတွေကို ကူညီပေးတယ်။ သူက တော်တော်လည်း စကားနားထောင်ပါတယ်။ လိမ်လည်း လိမ္မာပါတယ်”လို့ ဂျွန်လွင်က မိုးဟေကိုအပေါ် ပြောပါတယ်။
ဂျွန်လွင်ကတော့ နှစ်စဉ် ပြုလုပ်နေကျ Myanmar International Fashion Week ကို ပြုလုပ်လျက်ရှိပြီး တချို့သော တပည့်တွေက အလိုက်တသိနဲ့ ပါဝင်ပါရစေဆိုပြီး ပြောဆိုခြင်း မရှိဘဲ ခေါ်မှသာ လာရောက် လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။
“ဂျွန်လွင်သည် စင်ကာပူနိုင်ငံကနေ မော်ဒယ်လုပ်ငန်းနဲ့ နာမည်ကြီးလာတယ်။ မြန်မာပြည်မှာ မော်ဒယ်မျိုးစေ့ကို ချလိုက်တယ်။ ဒီလောကကို တည်ထောင်ထားတာဖြစ်တဲ့အတွက် ဘယ်လိုပဲ လုပ်ချင် မလုပ်ချင်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်တာပါ။ ကျနော်ဟာ ဆီးသီးသည် မဗျိုင်းလိုလည်း အဖြစ် မခံနိုင်ဘူး။ တနှစ်တခါ ကိုယ်လျှောက်ခဲ့တဲ့ လမ်းဆီ ပြန်လျှောက်ဖြစ်တာပေါ့”
“အဲ့လိုပဲ ကျနော့် တပည့်တွေလည်း လုပ်ပေးရင် ကောင်းပါမယ်။ သူတို့ မသိတတ်တာကိုလည်း ကျနော့်အနေနဲ့ အပြစ်မဆိုချင်ဘူး။ ကျနော့်မှာ မော်ဒယ်တွေကလည်း အများကြီး၊ စူပါမော်ဒယ်တွေလည်း ရှိတယ်။ အဲဒါကြောင့် ပွဲကတော့ နှစ်တိုင်း အောင်မြင်နေတာပါပဲ”လို့ ဂျွန်လွင်က ပြောပါတယ်။
စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို မော်ဒယ်လုပ်ငန်းနဲ့ စတင်လာခဲ့တဲ့ ဂျွန်လွင်ကတော့ ယနေ့ထိတိုင် အောင်မြင် ကျော်ကြားနေတဲ့ မင်းသား၊ မင်းသမီးများ၊ စူပါမော်ဒယ် အများအပြားကို မွေးထုတ်ပေးခဲ့ပြီး ခမ်းနားတဲ့ ပွဲများစွာလည်း ဦးဆောင် ကျင်းပလျက် ရှိပါတယ်။
You may also like these stories:
ကွယ်လွန်သူ ကိုကျော်ဇင်ဝင်းအတွက် LGBT အသိုင်းအဝိုင်းမှ ဝမ်းနည်းစကားများ
LGBT များကို လှောင်ပြောင်စရာအဖြစ် ရုပ်ရှင်ရိုက်ကူးမှုအပေါ် အလွှာပေါင်းစုံမှ အမြင်
“ဒီနှစ် အကယ်ဒမီပွဲမှာ ပဝါလိုက်မခြုံပေးဘူး”လို့ ဆိုလိုက်တဲ့ ဂျွန်လွင်