နာမည်ကျော် တောင်ကိုရီးယားမင်းသား Kim Soo-hyun ဟာ ယနေ့၊ ဇူလိုင်လ ၁ ရက်နေ့မှာပဲ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးခဲ့ပြီဖြစ်ပြီး အနုပညာလုပ်ငန်းထဲကို ပြန်လာတော့မှာ ဖြစ်ပါတယ်။
ဆိုးလ်မြို့ မြောက်ဘက်၊ ပါဂျူမြို့မှာရှိတဲ့ Imjingak Peace Bell အရှေ့မှာရှိနေတဲ့ မီဒီယာတွေ၊ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ချိန်မှာတော့ သူ့ကိုကြိုဆိုကြတဲ့ အတွက် ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ပရိသတ် တော်တော်များများဟာ ဒီနေ့ မနက်အစောပိုင်းမှာ မင်းသား စစ်မှုထမ်း ပြီးဆုံးတာကို ဂုဏ်ပြုဖို့ ရောက်ရှိလာခဲ့ကြပါတယ်။
မင်းသား Kim က “တခြားသူတွေထက် ကျနော်က အသက်ကြီးမှ စစ်မှုထမ်းခဲ့ရတာဖြစ်လု့ိ စစ်တပ်ထဲမှာ ကျနော် နေထိုင်ရမယ့် အချိန်တွေအတွက် တော်တော်လေးစိုးရိမ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော် ကောင်းကောင်းမွန်မွန် ပြီးမြောက်ခဲ့ပြီလို့ ထင်ပါတယ်။ ကျနော် အခုတော့ ပြီးသွားတယ်လိုတော့ တကယ် မခံစားရသေးပါဘူး။ ဒါပေမဲ့ စိတ်သက်သာရာ ရသွားပြီလို့ ခံစားရပါတယ်”လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်းဟာ စစ်တပ်ထဲမှာ ၂ နှစ်နီးပါးလောက် မဖြစ်မနေ စစ်မှုထမ်းကြရပါတယ်။ အသက် ၃၁ နှစ်အရွယ်၊ မင်းသား Kim ဟာ ကင်းထောက်တပ်ရင်းတခုမှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက စလို့ စစ်မှုထမ်းခဲ့တာ ဖြစ်ပါတယ်။ သူဟာ လာမယ့်နှစ်ထဲမှာတော့ ရုပ်ရှင်အသစ် ဒါမှမဟုတ် ဒရာမာအသစ် တခုနဲ့ ပြန်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။
မင်းသားက “ကိစ္စတော်တော်များများနဲ့ ပတ်သက်လို့ ကျနော်တော်တော်လေး စိုးရိမ်ခဲ့ရပြီး အတွေးများခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ကျနော် တကယ့်ကိုပဲ သရုပ်ဆောင်ချင်နေပါပြီ။ လာမယ့် ၆ လအတွက်တော့ ဘာကိုမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ လာမယ့်နှစ်မှာ ဇာတ်လမ်း အသစ်တွေနဲ့အတူ ပရိသတ်ကို နှုတ်ဆက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ မင်းသား Kim ဟာ “Moon Embracing The Sun” (၂၀၁၂) နဲ့ “My Love from the Star” (၂၀၁၃) ဒရာမာတွေ ၊ “The Thieves” (၂၀၁၂) ရုပ်ရှင်နဲ့ တောင်ကိုရီးယားမှာရော အာရှနိုင်ငံ တော်တော်များများမှာရော နာမည်ကျော်ခဲ့တဲ့ မင်းသားဖြစ်ပါတယ်။
ဇူလိုင် ၁ ရက်နေ့မှာပဲ EXO အဖွဲ့ဝင် D.O. ဟာလည်း စစ်မှုထမ်းဆောင်မယ်လို့ SM အင်တာတိန်းမန့်က ပြောဆိုထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စစ်မှုထမ်းမယ့် အစီအစဉ်တွေကိုတော့ မီဒီယာတွေထံ အသိပေးထားတာမျိုး မရှိဘဲ တိတ်တဆိတ်သာ စစ်မှုထမ်းဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
Ref: Yonhap
You may also like these stories:
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့မှုအတွက် အဆိုတော် ဂိုဟာရာ တောင်းပန်
သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ အစီအစဉ် တင်ဆက်သူနဲ့ ချစ်သူ ဖြစ်နေတဲ့ မင်းသား ဆိုဂျီဆပ်
တဖြေးဖြေးပိန်လာလို့ ပရိသတ်တွေ စိတ်ပူနေကြရတဲ့ အဆိုတော် Jiyeon
မင်းသား Park Bo Gum နဲ့အတူ ဇာတ်လမ်းတွဲတခုမှာ မြင်တွေ့ရဦးမယ့် မင်းသမီး Song Hye-Kyo