ပြီးခဲ့တဲ့ သီတင်းပတ်မှာ”Annabelle Comes Home” ရုပ်ရှင်ကို ရုံတင်ခဲ့ပေမယ့် မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာတော့ “Toy Story 4” ရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
Disney နဲ့ Pixar တို့ရဲ့ အန်နီမေးရှင်းရုပ်ရှင်ဟာ ဒုတိယမြောက် ရုံတင်သီတင်းပတ်မှာလည်း ဝင်ငွေစာရင်း ထိပ်ဆုံးမှာ ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။ နာမည်ကျော် ကာတွန်းရုပ်ရှင်အတွဲရဲ့ စတုတ္ထမြောက် ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဒေါ်လာ ၅၈ သန်း ဝင်ငွေထပ်ရခဲ့လို့ အခုဆိုရင် ဒေါ်လာ ၂၃၆ ဒဿမ ၉ သန်းဝင်ငွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။
အဲ့ဒါကြောင့်ပဲ ၂၀၁၉ ခုနှစ်ရဲ့ စတုတ္ထမြောက်ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်နေရာအဖြစ် “Avengers: Endgame” ၊ “Captain Marvel”၊ “Aladdin” တို့ရဲ့အနောက်မှာ ရပ်တည်နေပါတယ်။ ထူးခြားတာက အဲ့ဒီရုပ်ရှင် ၄ ကားလုံးကို Disney က ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။
“Annabelle Comes Home” သည်းထိတ်ရင်ဖို ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ သန်း ၂၀ ဒဿမ ၄ သန်းနဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။ အဲ့ဒါကတော့ “The Conjuring” ရုပ်ရှင်တွေထဲ အဖွင့်သီတင်းပတ် ဝင်ငွေ အနည်းဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရိုက်ကူး ကုန်ကျစရိတ် ဒေါ်လာ ၂၇ သန်းပဲ ရှိတာကြောင့် “The Conjuring” ရဲ့ တတိယမြောက် သီးခြားခွဲထွက် ရုပ်ရှင်တခုအနေနဲ့ဆိုရင်တော့ တာထွက်ကောင်းတယ်လို့ ဆိုနိုင်မှာပါ။
အကယ်ဒမီဆုရ ဒါရိုက်တာကြီး Danny Boyle ရိုက်ကူးတဲ့ အချစ်ဟာသ ဇာတ်မြူးရုပ်ရှင် “Yesterday” ကတော့ ဒေါ်လာ ၁၇ သန်းဝင်ငွေ ရရှိခဲ့ပါတယ်။ Rotten Tomatoes မီဒီယာမှာကတော့ ပရိသတ်အကြိုက်တွေ့နှုန်းက ၆၀ ရာခိုင်နှုန်းရှိခဲ့ပြီး အကောင်းအဆိုး မှတ်ချက်တွေ ရရှိခဲ့ပါတယ်။
“Aladdin” ရုပ်ရှင်ကတော့ ဆဋ္ဌမမြောက် ရုံတင်သီတင်းပတ်မှာ ဒေါ်လာ ၉ ဒဿမ ၃ သန်းရရှိခဲ့ပြီး စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ပဉ္စမနေရာမှာ ရပ်တည်နေတာကတော့ ဒေါ်လာ ၇ ဒဿမ ၁ သန်းဝင်ငွေ ရခဲ့တဲ့ “The Secret Life of Pets 2” ရုပ်ရှင် ဖြစ်ပါတယ်။
နောက်ထပ် ထိပ်ဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ ပါဝင်လာတာကတော့ ပြန်လည်ပြသတဲ့ “Avengers: Endgame” ရုပ်ရှင်ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၅ ဒဿမ ၅ သန်းရရှိခဲ့ပါတယ်။
မြောက်အမေရိက ဒေသတခုတည်းမှာတင် ဝင်ငွေက ဒေါ်လာ ၈၄၁ ဒဿမ ၃ သန်း ဖြစ်ပါတယ်။ အခုတော့ ဒေါ်လာ ၂ ဒဿမ ၇၆ ဘီလီယံ ရရှိခဲ့ပြီဖြစ်တာကြောင့် ကမ္ဘာ့ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်တဲ့ “Avatar” ကို ကျော်တက်ဖို့ အနည်းငယ်ပဲ လိုတော့တာကို တွေ့ရပါတယ်။
Ref: aceshowbiz
You may also like these stories:
ဒေါ်လာ ၃၅ သန်းထပ်ရမှ “Avatar” ကို ကျော်ဖြတ်နိုင်မယ့် တကျော့ပြန် “Avengers: Endgame” ရုပ်ရှင်
ကမ္ဘာပေါ်မှ ကြောက်စရာ အကောင်းဆုံး အရုပ်များအကြောင်း
အဖွင့်သီတင်းပတ်မှာတင် ဒေါ်လာ ၁၁၈ သန်း ဝင်ငွေရခဲ့တဲ့ “Toy Story 4” ရုပ်ရှင်
ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ Aladdin ရုပ်ရှင်