အဆိုတော် Taylor Swift ဟာ အရင်တုန်းက သူ့ရဲ့ အသံသွင်း ကုမ္ပဏီဖြစ်ခဲ့တဲ့ Big Machine မှာ ရှိနေခဲ့စဉ်က ဂီတထုတ်လုပ်သူ Scooter Braun ရဲ့ အနိုင်ကျင့် အမြတ်ထုတ်မှုတွေအကြောင်းကို Tumblr လူမှုကွန်ရက်မှာ ဖော်ထုတ်ရေးသားခဲ့ပါတယ်။
အဲ့ဒီပို့စ်မှာဆိုရင် Justin Bieber, Ariana Grande နဲ့ Kanye West တို့အပါအဝင် အနုပညာရှင်တွေအတွက် မန်နေဂျာဖြစ်တဲ့ Braun ကို တိုက်ရိုက်ပြောဆိုခဲ့ပြီးတော့ နှစ်ပေါင်းများစွာကြာ သူခံစားခဲ့ရတဲ့ ဆက်တိုင်အနိုင်ကျင့် အသုံးချခံခဲ့ရတာကို ပြန်လည်ပြောပြခဲ့ပါတယ်။
အဆိုတော် Swift က “နှစ်ပေါင်းများစွာ ကျမရဲ့အလုပ်အတွက် ပိုင်ဆိုင်ခွင့်ကို တောင်းဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ ကျမ ပြန်ရလိုက်တဲ့အခွင့်အရေးက Big Machine Records နဲ့ စာချုပ် ထပ်ချုပ်ပြီး အယ်လ်ဘမ် တချပ် ထုတ်ဖို့ပဲ ဖြစ်တယ်။ အဲ့ဒီလိုနဲ့ တကြိမ်တိုင်း ကျမ ပြန်ဝင်လာခဲ့ရတယ်”
“Scott Borchetta က အသံသွင်းကုမ္ပဏီကို ရောင်းတော့မယ် ဆိုတာနဲ့ ကျမဟာ အဲ့ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်ရတာဟာ ကျမ ကိုယ်တိုင်နဲ့ ကျမရဲ့ အနာဂတ်ကို အဲ့ဒီမှာ ရောင်းလိုက်ရတာပဲဆိုတာကို သိလို့ ခပ်ဝေးဝေးမှာပဲ နေခဲ့တယ်။ ကျမရဲ့ အတိတ်နောက်ကွယ်မှာ မချိမဆံ့ ခံစားရတဲ့ ရွေးချယ်မှုကို မဖြစ်မနေ လုပ်ခဲ့ရတယ်”
“ကျမ အိပ်ရာကြမ်းပြင်ပေါ်မှာ ရေးခဲ့ရတဲ့ သီချင်း၊ ကျမ စိတ်ကူးခဲ့ရတဲ့ ဗီဒီယို၊ ဘားတွေ၊ ကလပ်တွေ၊ အမိုးဖွင့် ကွင်းတွေနဲ့ အားကစားကွင်းတွေမှာ ကျမရှာလို့ ရသမျှ ပိုက်ဆံတွေ အားလုံးပဲ”လို့ ရေးခဲ့ပါတယ်။
အဲ့ဒီနောက် Swift ဟာ Braun အပေါ်ကိုလည်း စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူက “Scooter Braun က ကျမရဲ့ သီချင်းတွေကို ဝယ်ထားပြီဆိုတာ ကမ္ဘာသိအောင် ကြေညာလိုက်တဲ့နေ့မှာမှ သိခဲ့ရတယ်။ ကျမ သိလိုက်ရတာကတော့ နှစ်ပေါင်းများစွာကြာ သူ့လက်ထဲမှာ ကျမ ဆက်တိုက် အနိုင်ကျင့် အမြတ်ထုတ်ခံရတဲ့ အကြောင်းပဲ ဖြစ်ပါတယ်”လို့လည်း ဆိုပါတယ်။
Taylor Swift ဟာ သူ အနိုင်ကျင့်ခံခဲ့ရတဲ့ အကြောင်းတချို့ကိုလည်း ပြောပြခဲ့ပါတယ်။ “Kim Kardashian က ဖုန်းကောလ်ကို တရားမဝင် ဖြတ်တောက်ပြီး အွန်လိုင်းပေါ်တင်ခဲ့တုန်းက Scooter နဲ့ သူ့အပေါင်းအသင်း နှစ်ယောက်က အဲ့ဒါနဲ့ ပတ်သက်လို့ ကျမကို အနိုင်ကျင့်ခဲ့ကြတယ်။ ပြီးတော့ Kanye West ကလည်း ကျမရဲ့ ဝတ်လစ်စလစ် ကိုယ်လုံးပါတဲ့ ဂီတဗီဒီယိုကိုလည်း လက်စားချေတဲ့ အနေနဲ့ ဖန်တီးခဲ့ကြတယ်”
“အခုတော့ Scooter က ကျမ တဘဝလုံး လုပ်ခဲ့ရတဲ့ အလုပ်တွေကို ရသွားပြီ။ ကျမက အဲ့ဒါတွေကို ဝယ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ အခုတော့ ကျမရဲ့ ဂီတ အမွေအနှစ်ဟာ ဖြိုခွဲဖို့ ကြိုးစားနေတဲ့ လူတယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ”လို့ ဆိုပါတယ်။ အဲ့ဒီဖြစ်ရပ်ဟာ သူ့ဘဝရဲ့ အဆိုးရွားဆုံး ဖြစ်ရပ်ကြီးဖြစ်တဲ့အကြောင်း Taylor Swift က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ သူဖန်တီးသမျှကို ပိုင်ဆိုင်ခွင့်ရမယ်လို့ ယုံကြည်တဲ့ ကုမ္ပဏီတခုနဲ့ စာချုပ်ချုပ်လိုက် ပြီဖြစ်တဲ့အကြောင်း အတိတ်က Scott ရဲ့ လက်ထဲမှာ ကျန်ခဲ့ပြီး အနာဂတ်မှာတော့ သူ မပါတော့တဲ့ အကြောင်း၊ ငယ်ရွယ်တဲ့ အနုပညာရှင်တွေနဲ့ ကလေးတွေအနေနဲ့ ဒီအကြောင်းကို ဖတ်ရှုပြီး ဘယ်လို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်ဆိုတာကို လေ့လာကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူ့ရဲ့ နောက်ဆုံး တေးအယ်လ်ဘမ် “Lover” ဟာ သြဂုတ်လ ၂၃ ရက်နေ့မှာ ထွက်မယ့်အကြောင်း ဝေမျှခဲ့ပါတယ်။
Ref: etcanada
You may also like these stories:
အရောင်အသွေးစုံတဲ့ သီချင်းအသစ်ကို ဖြန့်ချိလိုက်တဲ့ အဆိုတော် Taylor Swift
အသက် ၃၀ မတိုင်ခင်ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ပြောပြခဲ့တဲ့ Taylor Swift
အသည်းကွဲတဲ့အချိန် နားထောင်ခဲ့တဲ့ သီချင်းတွေကို ပြောပြလိုက်တဲ့ Taylor Swift