Entertainment

ရုံတင်ဖို့ ၄ နှစ်ကြာ စောင့်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင် "အနန္တ"

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား ဖြစ်လာမယ့် “အနန္တ” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၄ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဖန်တီးထားတဲ့ ဒါရိုက်တာ ညိုမင်းလွင်က ရုံတင်ဖို့ ၄ နှစ်ကြာခဲ့တဲ့ အတောအတွင်းမှာတော့ Update ဖြစ်အောင် လုပ်ခဲ့တာလေးတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားက ၂၀၁၀ တုန်းက ကျနော် ဖတ်ခဲ့တဲ့ သတင်းပေါ့။ လူသား ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ တွေ့တယ် ဆိုတာကနေ ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတာပေါ့။ ကျနော် ၂၀၁၅ မှာ ဒီဇာတ်ကားကို စတင်ဖန်တီး ဖြစ်ခဲ့တာပါ။ ကိုယ်က အခက်အခဲရှိတယ်လို့ ယူဆမှ အခက်ခဲ ရှိတာပေါ့။ အခက်အခဲ မဟုတ်ဘူးလို့ ယူဆရင် အခက်အခဲ မရှိပါဘူး။ ကိုယ့်အတွက် ဒါက အခက်အခဲ မဟုတ်ဘူး။ ဒါက Challenge တခုပဲ။ သေချာတယ် ဇာတ်သိမ်းကတော့ ဘယ်သူမှ မထင်ထားတဲ့ ဇာတ်သိမ်းမျိုး ဖြစ်လိမ့်မယ်”

ဒါရိုက်တာ ညိုမင်းလွင် (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

“ရင်ခုန်တာကတော့ ရင်ခုန်ပါတယ်။ ကျနော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့ကြပြီလို့ ယုံကြည်ပါတယ်။ ပြီးတော့ ပရိသတ်တွေ မြင်တွေ့နေကျ ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဇာတ် မဟုတ်ပါဘူး။ ရုံတင်ဖို့ ၄ နှစ်ကြာခဲ့တဲ့ အတောအတွင်းမှာတော့ Update ဖြစ်အောင် လုပ်ခဲ့တာလေးတွေတော့ ရှိတာပေါ့။ နောင်မှာ ဒီလို ဇာတ်ကားမျိုးတွေ ထွက်လာစေချင်တယ်။ စရိုက်တော့မယ် ဆိုကတည်းက အကောင်းဘက်က မြင်တာ နည်းတယ်။ ဒါပေမဲ့ ကျနော့်ဘက်က အကောင်းဆုံးတွေ ချပြီး နောက်ထပ်လည်း ကြိုးစားနေဦးမှာပါ”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်တဲ့ ဖြိုးငွေစိုးကလည်း သိပ္ပံဇာတ်ကား ဖြစ်တာကြောင့် အများကြီး ကြိုးစားထားတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဖြိုးငွေစိုး (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

“ကျနော်တို့ ပါဝင်ခွင့်ရတာလည်း ဂုဏ်ယူပါတယ်။ ပါဝင်ခွင့်ရလို့လည်း ကျေးဇူးတင်ပါတယ်။ တချို့ ရိုက်ကူးနေတာတွေက ကျနော်တို့အတွက် အတွေ့အကြုံ မရှိတော့ စိတ်ပူတာတွေလည်း ရှိတယ်။ ရယ်စရာ ဖြစ်နေမှာကိုလည်း စိုးရိမ်တယ်။ ပြန်ကြည့်ချိန်မှာတော့ နည်းနည်း စိုးရိမ်တာ လျော့သွားတယ်။ ကိုညို ဒီဇာတ်ကားအတွက် အချိန်တွေရော၊ ငွေတွေရော ပေးဆပ်ထားရတာပါ။ အဲ့အကျိုးကို ပြန်ခံစားရမယ်လို့ ထင်ပါတယ်”လို့ ဖြိုးငွေစိုးက ပြောပါတယ်။

“ပထမဆုံး လုပ်တဲ့သူတွေ၊ လမ်းကြောင်းသစ် တခုကို စဖောက်တဲ့ သူတွေက ခံနိုင်ရည် ရှိရမှာပေါ့၊ ကိုညိုက ခံနိုင်ရည် ရှိတဲ့သူပါ။ ဒီဇာတ်ကား ရိုက်တုန်းက ကျနော် ဝတုတ်ကြီး ဖြစ်နေတယ်။ ကာရိုက်တာကလည်း အပြပုံစံဆိုလို့ ရိုက်လိုက်တာ။ ဒီဇာတ်ကား ရိုက်ရတာ ကျနော့်အတွက် စိတ်ဖိစီးမှု များတယ်။ သိပ္ပံဇာတ်ကား ဖြစ်တာကြောင့်လည်း အများကြီး ကြိုးစားထားတယ်”လို့ ဖြိုးငွေစိုးက ဆိုပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းဆုဦးကလည်း ဇာတ်ကားရဲ့ ဇာတ်သိမ်းကို အခုချိန်ထိ မသိရသေးပေမယ့် ထွေလာကို ကြည့်တဲ့အချိန်မှာ အရမ်းအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် နန်းဆုဦး (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

“လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရိုက်တာဆိုပေမယ့် ကိုယ့်ကာရိုက်တာကို အကောင်းဆုံး လုပ်ခဲ့တာ ဆိုတော့ စိုရိမ်မှု သိပ်မရှိဘူး။ ညီမ လက်ခံတုန်းကလည်း ဇာတ်လမ်းကောင်းလို့ လက်ခံခဲ့တာ။ ပရိသတ်တွေအနေနဲ့ ညီမတို့ ကြိုးစားခဲ့တာကို အသိအမှတ် ပြုစေချင်တယ်။ ကိုညိုက သတ္တိ ရှိတယ်။ သူလုပ်ချင်တာကို တစိုက်မတ်မတ် လုပ်တယ်။ ဒီကားလေးက သူ့ အိပ်မက်လို့ ပြောလို့ရတယ်”

“ပရိသတ်တွေကို ပဟေဠိ လုပ်တာ မဟုတ်ဘူး။ ညီမတို့ကိုလည်း ပဟေဠိ လုပ်တာ။ အခုချိန်ထိ ဇာတ်ကားရဲ့ ဇာတ်သိမ်းကို မသိရသေးဘူး။ ထွေလာကို ကြည့်ပြီး အံ့သြသွားတယ်။ ညီမ တကယ်တမ်း ရိုက်ကူးခဲ့ရတုန်းက Green Screen အနေနဲ့ ရိုက်ကူးခဲ့တာ။ စတူဒီယိုပုံစံ အခန်းတွေနဲ့ ပေါ့နော်။ ကိုယ်ရိုက်ကူးခဲ့တဲ့ Location တွေကလည်း အပြင်ကနဲ့ မတူဘူး ဖြစ်နေတော့ ကိုယ်ကိုယ်တိုင် အံ့သြခဲ့ရတယ်”လို့ နန်းဆုဦးက ပြောပါတယ်။

“အနန္တ” ရုပ်ရှင်ဇာတ်ကားကြီးကို ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညိုမင်းလွင် ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဖြိုးငွေစိုး၊ စိုင်းလျှံ၊ စိုးရန်အောင်၊ နန်းဆုဦး၊ ဧကရီမှူးုပိုင်နဲ့ နန်းထိုက်အောင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

You may also like these stories:

ရုံတင်တော့မယ့် “အနန္တ” မြန်မာသိပ္ပံ ဇာတ်ကားအတွက် စိတ်ပူနေတဲ့ နန်းဆုဦး

ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ညိုမင်းလွင်မွေးနေ့အတွက် ဘုရားဆင်းတုတော် လှူဒါန်းပေးတဲ့ စန္ဒာလွင်

Did you find apk for android? You can find new Free Android Games and apps.
Loading