လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ သက်ငယ် မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပရိသတ် အချစ်တော် သရုပ်ဆောင် ဖွေးဖွေးကတော့ မုဒိမ်းကျင့်တာ မပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်တာတောင် လွန်လှပြီလို့ ပြောပါတယ်။
“သက်ငယ်မုဒိမ်း ဆိုတာ ကြားရတာနဲ့တင် အခုကြားရင် အခု ငိုချင်တယ်။ လုံးဝကို မရှိသင့်တာပါ။ ဘာမှ ပြန်မလုပ်နိုင်တဲ့ အားနည်းတဲ့ ကလေးလေးတွေကို အနိုင်ကျင့်တယ်။ ဒီ Sex ပိုင်း မဟုတ်ဘဲနဲ့ Bully လုပ်ပြီး အနိုင်ကျင့်တာတောင် လွန်လှပြီ။ သက်ငယ်မုဒိမ်းဆိုတာ လုံးဝကို မရှိသင့်ပါဘူး”လို့ ဖွေးဖွေးက ပြောပါတယ်။
ဖွေးဖွေးကတော့ အမှုအတွက် တရားမျှတစွာနဲ့ အမှုမှန် ပေါ်ပေါက်စေချင်ပြီး အပြစ်လုပ်ထားတဲ့သူတွေကိုလည်း အပြစ် ပြင်းပြင်းထန်ထန် ခံယူသင့်တယ်လို့ ဆိုပါတယ်။
“တရား မျှမျှတတနဲ့ အမှန်ကို အမှန် ပေါ်ပေါက်စေချင်တယ်။ ပြီးတော့ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံရမှာပဲလေ။ မခံနိုင်ရင် အစကတည်းက မလုပ်နဲ့ပေါ့။ ရှင်းရှင်းလေးပဲ။ အပြစ်လုပ်တဲ့သူက အပြစ်ဒဏ်ခံသင့်တယ် ထင်တယ် ရှင်းရှင်းလေးပဲ။ ပြင်းပြင်းထန်ထန်ကို ခံသင့်ပါတယ်” လို့ ဖွေးဖွေးကပြောပါတယ်။
မြန်မာ့ယဉ်ကျေးမှုအရ Sex Education အားနည်းခဲ့တာဖြစ်တဲ့အတွက် ယခင်က မသင်ကြားခဲ့ရဘဲ ယခု IT ခေတ်ဖြစ်တာကြောင့် မဖြစ်မနေ သင်ကြားပေးဖို့အတွက် လိုအပ်လာပြီလို့ ဖွေးဖွေးက ပြောပါတယ်။
“ဖွေးတို့ မြန်မာ ယဉ်ကျေးမှုအရ ငယ်ငယ်ကတည်းကလည်း အဖေ၊ အမေတွေက Sex Education တွေကို မသင်ပေးခဲ့ဘူး။ မသင်ပေးသလောက် နည်းတယ်။ အဓိကကတော့ သူစိမ်းတွေကို မလိုက်သွားဖို့ မုန့်တွေဘာတွေ ကျွေးရင် မစားဖို့ ပြောရမယ်။ ဖွေးကိုဆို ကလေးကတည်းက အိမ်အလည်တွေတောင် ပေးမသွားခဲ့ဘူး။ အဲ့လိုမျိုးတွေတော့ ရှိတယ်။ Sex Education ကတော့ အခုလို IT ခေတ်ကြီး ရောက်လာပြီဆိုတော့ လိုလာပြီလို့ ထင်ပါတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။
ဖွေးဖွေးကတော့ လတ်တလောမှာ ကားအက်စီးဒင့်ကြောင့် လက်အရိုး ထိခိုက်ထားတဲ့အတွက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများ ရပ်နားထားပြီး မကြာခင်မှာတော့ ရုပ်ရှင်ကားကြီး ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
မကြာခင်မှာလည်း ဖွေးဖွေး ပါဝင် သရုပ်ဆောင်ထားပြီး၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှ ကင်းဝေးအောင် ကလေးတွေကို သင်ကြားပေးရမယ့် အရာများ
နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်
“သက်ငယ်မုဒိမ်း ကျင့်တဲ့ မုဒိမ်းကောင်တွေကို အရမ်း ရွံရှာတယ်”လို့ ထက်ထက်ထွန်း ပြော