သမီးနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ ညိုမင်းလွင်ကတော့ သမီးတွေအပေါ် အဖေနဲ့ သမီး ဆက်ဆံရေးထက် သူငယ်ချင်း ပေါင်းသလို၊ ဘာမဆို ပြောလို့ရတဲ့ လူတယောက် ဖြစ်စေချင်ပြီး Sex Education သင်ပေးဖို့တော့ စောသေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သက်ငယ်မုဒိမ်းဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ ကိုယ့်ရဲ့ မိနစ်ပိုင်းလောက် ကာမဆန္ဒတခုအတွက် ကလေးငယ် တယောက်ရဲ့ အနာဂတ်ပျက်စီး သွားရတယ်ဆိုတာ ဘယ်ဘက်က စဉ်းစားစဉ်းစား မဖြစ်သင့်တဲ့ ကိစ္စ တခုပါ။ နောက်လူတွေ မလုပ်ရဲတဲ့ ပြစ်ဒဏ်မျိုးတော့ ဖြစ်သင့်ပါတယ်။ ကျနော်က သူတို့ကို ဆုံးမပြီး အဖေနဲ့ သမီး ဆက်ဆံရေးထက် သူငယ်ချင်းလို ပေါင်းတာ။ ကျနော်ကလည်း သူတို့ ဘာမဆို ပြောလို့ ရတဲ့ လူတယောက် အဖြစ်ရှိချင်တာ။ သူ့တို့ကို Sex Education သင်ပေးဖို့ စောတော့ စောပါသေးတယ်။ အချိန်တန်ရင်တော့ သင်ပေးမှာပါ”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
“Sex Education သင်ပေးဖို့ မြန်မာနိုင်ငံမှာက အမေနဲ့ သားတို့၊ အဖေနဲ့ သမီးတို့ ခွဲခြားပြီး ကန့်လိုက်တော့ ဒီစကားက အဖေရှေ့မှာ မပြောရဘူးတို့၊ အမေရှေ့မှာ မပြောရဘူးတို့ ပါလာတာပေါ့။ ကျနော်ကတော့ ရှင်းတယ်။ အသက်အရွယ်အရ မသိသင့်သေးချိန်မှာ ဘာမှ ပေးမသိထားဘူး။ သိသင့်ချိန်မှာ ဘာမဆို ကျနော့်ဆီက သိတာပဲ ဖြစ်စေချင်တယ်”လို့ ညိုမင်းလွင်က ဆိုပါတယ်။
သမီးတွေအပေါ် အမှား၊ အမှန် ကိုယ်တိုင် ခွဲခြားတတ်အောင် လုပ်ဖို့ကိုလည်း ညိုမင်းလွင်က အဖေတယောက်အနေနဲ့ သမီးတွေကို အခုလို ဆုံးမကြောင်း ပြောပါတယ်။
“ဟိုတလောက သမီးငယ်က မေးတယ်။ ခံစားမှု အကောင်းဆုံး ကွန်ဒုံးဆိုတာ ဘာကိုပြောတာလဲတဲ့ မေးတယ်။ ရုတ်တရက်တော့ ဖြေရခက်တာပေါ့။ ဒါပေမဲ့ သူ နားလည်လောက်မယ့် သူ့အသိဉာဏ်နဲ့ လက်ခံလို့ရမယ့် အဖြေတော့ ပြန်ပေးခဲ့တယ်။ သမီးတွေကိုလည်း ပြောတယ်။ အမှား၊ အမှန် တခုကို ကိုယ်တိုင် ခွဲခြားတတ်အောင် လုပ်၊ ကိုယ်ခွဲခြားတတ် ပြီးတော့ မှားတာ ကြိုက်လို့ မှားမယ်ဆိုလည်း မှားလိုက်။ ကျနော် မတားတော့ဘူး။ ကျနော်လည်း အဲ့လို စိတ်တွေနဲ့ပဲ နေခဲ့တယ်”
“နေရာတကာမှာ မြန်မာ့ယဉ်ကျေးမှု ဆိုတာကြီးနဲ့ မကြားဝံ့ မနာသာတွေ မစဉ်းစားဘဲ ထိရောက်တဲ့ ပညာပေးမှု တခု ဆိုလို့ရှိရင် မိဘနဲ့ သားသမီးကြား စည်းတခု မခြားဘဲ ပညာပေးသင့်ပါတယ်။ ဒါမှ ကလေးတွေက မိဘတွေကို ဘာမဆို ပြောလို့ရတဲ့ သူတယောက် အနေနဲ့ ယုံကြည်လာမယ်။ သူ့တို့ အခက်အခဲ ရှိလာရင် ကိုယ့်ကို အရင်ဆုံး တိုင်ပင်လာမယ်။ ကျနော်ကတော့ အဲ့လိုပဲ မြင်တယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။
ဒါရိုက်တာ ညိုမင်းလွင်ကတော့ အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေပြီး ဇနီးဖြစ်သူနဲ့ အတူ သမီး နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တဦးလည်း ဖြစ်ပါတယ်။ မကြာခင်မှာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားတဲ့ “အနန္တ” သိပ္ပံရုပ်ရှင်ဇာတ်ကား ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော
ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှ ကင်းဝေးအောင် ကလေးတွေကို သင်ကြားပေးရမယ့် အရာများ
“သက်ငယ်မုဒိမ်း ကျင့်တဲ့ မုဒိမ်းကောင်တွေကို အရမ်း ရွံရှာတယ်”လို့ ထက်ထက်ထွန်း ပြော