Kim Kardashian West ကတော့ သူထုတ်လုပ်ထားတဲ့ အတွင်းခံနာမည်ဟာ “ကီမိုနို” မဟုတ်တော့ပါဘူးလို့် ဇူလိုင်လ ၁ ရက်နေ့မှာပဲ ကြေညာလိုက်ပါပြီ။
ပေါ့ပ်ယဉ်ကျေးမှု အထင်ကရ ပုဂ္ဂိုလ်လို့ဆိုနိုင်မယ့် Kim က သူ့ရဲ့ “ကီမိုနို” လို့ နာမည်ပေးထားတဲ့ အတွင်းခံနာမည်ဟာ ယဉ်ကျေးမှုဆိုင်ရာ အသုံးအနှုန်းတခုကို မလေးမစား ပြုရာရောက်တယ်လို့ စွပ်စွဲမှုတွေခံခဲ့ရပြီးတဲ့နောက် ပြောင်းလဲတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
Rap အဆိုတော် Kanye West ရဲ့ ဇနီး Kim ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သူ့ရဲ့ အဝတ်အစား ထုတ်ကုန်အသစ်တမျိုးကို မိတ်ဆက်ခဲ့ပြီး အဲ့ဒီဝတ်စုံနာမည်ဟာ ဂျပန်နိုင်ငံက ရိုးရာဝတ်စုံကို မလေးမစားပြုရာ ရောက်တယ်ဆိုပြီး စွပ်စွဲခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီလို ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပြီးနောက်မှာတော့ Twitter မှာ #KimOhNo ဆိုတဲ့ hashtag က ရေပန်းစားလာခဲ့ပါတယ်။ Kim ဟာ Follower ၁၄၂ သန်းရှိတဲ့ Instagram နဲ့ သူ့ရဲ့ Twitter အကောင့်မှာ ဝတ်စုံနာမည်ပြောင်းမယ့်အကြောင်း ပြောဆိုခဲ့တာပါ။ Kim က “ကျမရဲ့ အတွင်းခံ ဝတ်စုံနာမည်ကို ကြေညာလိုက်တဲ့အခါ စိတ်ထဲမှာ အကောင်းဆုံး ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အဓိကရည်ရွယ်ချက်မှာ အားလုံးပါဝင်မှုနဲ့ မျိုးစုံကွဲပြားမှုတွေနဲ့ သူ့ရဲ့ Brand နဲ့ ထုတ်ကုန်တွေကို တည်ဆောက်ထားကြောင်း၊ သေသေချာချာ စဉ်းစားခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ အတွင်းခံနာမည်ကို နောက်ထပ် နာမည်အသစ်တခုနဲ့ မိတ်ဆက်မှာဖြစ်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။
ဂျပန်ရိုးရာဝတ်စုံလို့ သတ်မှတ်ထားကြတဲ့ ကီမိုနိုဝတ်စုံကို လက်ထပ်ပွဲနဲ့ အထူးအခမ်းအနားတွေမှာ များသောအားဖြင့် အမျိုးသမီးတွေက ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ရှေးဟောင်းမြို့တော် ကျိုတိုရဲ့ မြို့တော်ဝန်ကလည်း အခုလိုမျိုး အတွင်းခံနာမည်ကို ပြောင်းလဲပေးဖို့ တောင်းဆိုသူတွေထဲမှာ ပါဝင်သူ ဖြစ်ပါတယ်။
Kim ဆီကို လိပ်မူပေးပို့တဲ့ စာထဲမှာ မြို့တော်ဝန် Daisaku Kadokawa က “ကီမိုနိုဟာ ကျနော်တို့ရဲ့ ကြွယ်ဝတဲ့ သဘာဝနဲ့ သမိုင်းကို အားပေးမြှင့်တင်တဲ့ ရိုးရာ ဝတ်စုံတခု ဖြစ်ပါတယ်။ ကီမိုနိုဆိုတဲ့ နာမည်ကို ခင်ဗျားရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ် အနေနဲ့ အသုံးပြုဖို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားစေချင်ပါတယ်” လို့ရေးသားခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
Kim Kardashian West ရဲ့ “ကီမိုနို” အတွင်းခံကို ဂျပန်နိုင်ငံသားတွေ ဝေဖန်
ထောင်ထွက်များ အလုပ်ခွင် ပြန်ဝင်နိုင်ရေး ကူညီပေးရန် Kim Kardashian ဆော်သြ
ရှေ့နေလုပ်ဖို့ ဥပဒေပညာကို သင့်ယူမယ့် မော်ဒယ် Kim Kardashian
Kanye West နဲ့ Kim Kardashian တို့ အငှားကိုယ်ဝန်နဲ့ စတုတ္ထမြောက်ရင်သွေး ရတော့မည်