Entertainment

"သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်"လို့ ပြောတဲ့ မအေးသောင်း 

လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) မအေးသောင်းက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်လို့ ပြောပါတယ်။

“သက်ငယ် မုဒိမ်းမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ် ထင်တယ်။ လုံးဝလည်း မရှိသင့်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ပြစ်ဒဏ်ကို ကောင်းကောင်းပေးမှပဲ နောက်လူတွေ မလုပ်နိုင်မှာပေါ့။ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စ။ ကိုယ်ကတော့ အဲ့လိုလုပ်တဲ့သူတွေကို သေဒဏ်ပေးစေချင်တယ်။ ကျမတို့သိတာ မိန်းကလေးတွေကိုပဲ ဖြစ်တယ် ဆိုပြီးသိတာ။ ယောကျာ်းလေးတွေလည်း ခံရတာတွေရှိတယ်။ ကံကောင်းတာက Facebook တွေ ပေါ်လာတော့ သိကြရတယ်။ အရင်တုန်းက မသိဘဲ ဖြစ်ခဲ့ကြတာတွေလည်း ရှိတယ်”

“အဲ့အကြောင်းတွေကို ဖတ်လိုက်တိုင်းလည်း တကယ်ကို စိတ်မကောင်းဘူးပေါ့။ ကိုယ်သာ အမေဖြစ်လို့ ကတော့ အရင် သွားသတ်မှာ။ တရားဥပဒေကလည်း အမှန်တိုင်း ဖော်ထုတ်မယ်၊ Facebook က လူတွေကလည်း အမှန်တိုင်း ဖော်ထုတ်ရင် အမှုမှန်ပေါ်နိုင်ပါတယ်”လို့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ပြောပါတယ်။

ဆက်လက်ပြီး မအေးသောင်းက ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခြင်း ခံရတဲ့ ကလေးငယ်တွေကို Sex Education ပေးသင့်တယ်လို့လည်း ဆိုပါတယ်။

“ဒီလိုမျိုးလုပ်ခံရတဲ့ ကလေးတွေ အတွက် စိတ်မကောင်းလည်း ဖြစ်ရတယ်။ ကလေးတွေကို Sex Education ပေးရမယ်။ မိဘတွေကလည်း ဂရုစိုက်ရမယ်။ ကလေးတွေကိုလည်း သင်ပြပေးရမယ်။ ကျမတို့ မြန်မာတွေက အရှက်အကြောက် ကြီးကြတယ်။ ကိုယ်တွေ ငယ်ငယ်ကလည်း မပြောဖူးဘူး။ အင်တာနက်တွေ ပေါ်လာတဲ့အခါမှာ အမြင်တွေက မတူတော့ ဘူး။ ကျမတို့ ငယ်ငယ်တုန်းက ဒီလိုတွေ မြင်ရဖို့က ရှားတယ်”

“အင်တာနက်ခေတ် ဖြစ်လာတော့ ကလေးတွေက ဖုန်းထဲမှာ ကလေးပုံလည်း တွေ့နေရတယ်၊ ယောကျာ်းလေးပုံလည်း တွေ့နေရတဲ့အတွက် စမ်းသပ်ချင်ကြတယ်။ ကောင်းတာ၊ မကောင်းတာ မဝေဖန်တတ်ဘူး။ အသိတွေ၊ အမြင်တွေက အများကြီး ပွင့်လင်းလာတော့ ကောင်းတာ၊ ဆိုးတာတွေ ဖြစ်လာတယ်။ ကလေးတွေကို မိဘတွေက Screen Time သတ်မှတ်ပေးသင့်တယ်။ သက်ငယ်မုဒိမ်း ပြုလုပ်ခဲရတဲ့ ကလေးတွေအတွက်လည်း တတ်နိုင်သလောက် လှူဒါန်းပေးသွားဖို့ ရှိပါတယ်”လို့ မအေးသောင်းက ဆိုပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ယနေ့၊ ဇူလိုင် ၂ ရက်နေ့မှာ Sunskist အချိုရည်နဲ့ ပူးပေါင်းပြီး ရန်ကုန်ကလေးဆေးရုံကြီးမှာ MRI  နဲ့ CT Scan အခန်းတွေမှာ Wall Sticker သွားရောက် လှူဒါန်းခဲ့ပြီး ဒီလို လှူဒါန်းရတဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောပါတယ်။

“မွေးနေ့ကတည်းက လှူချင်တာ၊ အခု Sunkist က MRI  နဲ့ CT Scan အခန်းတွေမှာ Wall Sticker တွေ အကောင်အထည်ပေါ်တော့ အရမ်းဝမ်းသာရတယ်။ အရမ်းလည်း ပျော်ရတယ်။ နောက်လည်း တခြားဆေးရုံတွေမှာလည်း လုပ်ဖြစ်မယ်။ အလှူတွေ လှူရတဲ့ ပီတိကတော့ ဘာနဲ့မှ မတူဘူးပေါ့။ ကိုယ်တိုင် လက်နဲ့ ထိပြီး လှူရတဲ့ ပီတိက ဘာနဲ့မှ မတူဘူးပေါ့”

“ကလေးဆေးရုံတွေမှာ အလှူတွေလုပ်ရင် ကလေးတွေကိုတွေ့ရင် စိတ်မကောင်းဖြစ်ရတယ်။ ကလေးမှ မဟုတ်ဘူး။ ဘယ်သူပဲ ရောဂါခံစားရ ခံစားရ စိတ်ထဲမှာ မကောင်းဘူး။ တွေ့ရင် စိတ်မကောင်း ဖြစ်ရတယ်။ ရွှေလွန်းသံကရတဲ့ ငွေလေးတွေနဲ့ ကလေးတွေရဲ့ ပညာရေးတွေ ကျန်းမာရေးတွေအတွက် လှူပေးဖြစ်တယ်။ ပညာအတွက် လှူဒါန်းတာလည်း တချိန်မှာ အသိဉာဏ်တွေ၊ ဗဟုသုတတွေ ပြည့်ဝပြီး အမှားနည်းသွားတယ်။ ပညာတတ်တဲ့အတွက် ခိုးယက်မှုတွေ၊ လုယက်မှုတွေလည်း နည်းသွားမယ်ပေါ့။ ဒါကြောင့်မို့ ကလေးတွေကို ပိုလှူဖြစ်တာပါ”လို့  မအေးသောင်းက ပြောပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို တကျော့် ပြန်လည် ဝင်ရောက်လာခဲ့ပြီး မအေးသောင်းအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို အထူး ရရှိခဲ့ပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသလို ကိုယ်ပိုင်စီးပွားရေး အဖြစ်  ပိုးထည်ဆိုင် လုပ်ငန်းလည်း လုပ်ကိုင်လျက်ရှိပါတယ်။

You may also like these stories:

“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို မြန်မြန်ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးသင့်တယ်”လို့ ဖြိုးငွေစိုး ပြော

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော

ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော

Loading