Entertainment

"ငါတို့သည်" ရုပ်ရှင်မှာ စော်ကားခံရတဲ့ မိန်းကလေးတဦးအဖြစ် သရုပ်ဆောင်မယ့် ရွှေပိုးအိမ်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ရွှေပိုးအိမ်က စော်ကားခံရတဲ့ မိန်းကလေးတဦး နေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ငါတို့သည် ဇာတ်ကားက ဇူလိုင် ၁ ရက်နေ့ စရိုက်တယ်။ ဒီဇာတ်ကားလေးမှာ ပါဝင် သရုပ်ဆောင်ခွင့် ရလို့ အရမ်းကို ဝမ်းသာပါတယ်။ ရွှေပိုး ကာရိုက်တာက ဆရာမတော့ မဟုတ်ဘူး။ ကလေးတွေကို စာပြန်သင်ပေးရတဲ့ သူတယောက် နေရာက သရုပ်ဆောင်ရမှာပါ။ အဝတ်အစားပိုင်းကိုတော့ သေသေချာချာ ပြင်ဆင်ထားတယ်။ မိတ်ကပ် လုံးဝ မလိမ်းဘဲ သဘာဝကျကျ သနပါခါးနဲ့ပဲ ရိုက်မှာပါ”လို့ ရွှေပိုးအိမ်က ပြောပါတယ်။

“ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တိုင်း အတွက်လည်း လုပ်ကွက်တွေ အသီးသီး ရှိကြတယ်။ ရွှေပိုးလုပ်ရမယ့် အပိုင်းတွေက နောက်ဆုံးပိုင်းမှာ ကိုယ်က အစော်ကားခံရပြီး ဆုံးသွားတဲ့ ပုံစံမျိုးလေး ဖြစ်မယ်။ စော်ကားခံရတာကိုတော့ မပြပါဘူး။ ကာရိုက်တာအတွက် လိုအပ်ရင်လည်း ရိုက်မှာပါ။ နေရာလည်း ရတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ တချို့ ဇာတ်ကားတွေမှာဆို တော်တော်လေး နေရာရတယ်”

“တချို့ကားတွေမှာ ကျတော့လည်း ပါဝင်ရတဲ့ အခန်း နည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ကူးခွင့် ရတာကို ပဲ အရမ်း ဝမ်းသာရပါတယ်။ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားတိုင်းမှာလိုလို ကိုယ်က လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိတာဆိုတော့ ဘယ်ဇာတ်ကားကိုမှ အားရတယ် ဆိုတာမျိုးတော့ သိပ်မရှိပါဘူး”လို့ ရွှေပိုးအိမ်က ဆိုပါတယ်။

ယခု လတ်တလော ဆိုရှယ်မီဒီယာမှာ သက်ငယ် မုဒိမ်းမှုတွေ ပျံ့နှံ့နေပြီး ဒီလို မိန်းကလေးတွေ၊ ကလေးလေးတွေ Rape အလုပ်ခံရလို့ အရမ်း စိတ်မကောင်းဖြစ်မိတယ်လို့ ရွှေပိုးအိမ်က ဆိုပါတယ်။

“မိန်းကလေးတွေရော၊ ကလေးလေးတွေရော Rape လုပ်ခံရလို့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ အဲ့လိုမျိုးလုပ်တဲ့သူတွေကိုလည်း ထိထိရောက်ရောက် သေဒဏ်ပဲဖြစ်ဖြစ် နောက်မလုပ်ရဲအောင် စံပြအနေနဲ့ အပြစ်ရှိသူတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးမယ်ဆိုရင် နောက်လုပ်ရဲမှာ မဟုတ်တော့ဘူးပေါ့နော်။ အပြစ်ရှိတဲ့ သူတွေကို ပေါ့ပေါ့လျော့လျော့ မဟုတ်ဘဲ သေသေချာချာလေး လုပ်စေချင်တယ်”

“မိဘတွေကတော့ သားသမီးတွေကို ချစ်ကြတာပေါ့။ ဒါပေမဲ့ မိဘတွေက စီးပွားရေးအတွက် အလုပ်လုပ်နေကြတဲ့အခါမှာ အခွင့်အရေး လိုချင်တဲ့သူတွေက ကလေးတွေကို လုပ်သွားတာတွေ အများကြီး ကြုံတွေ့ရတဲ့အခါ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကလည်း ကလေးတွေကို စောင့်ရှောက် ပေးစေချင်တယ်။ အဲ့လို သတင်းတွေလည်း ကြားရတော့ အရမ်းကြောက်ဖို့ ကောင်းလာတယ်။ အဲ့ဒါကြောင့် ထိထိရောက်ရောက် ပြစ်ဒဏ်ပေးစေချင်တယ်”လို့ ရွှေပိုးအိမ်က ပြောပါတယ်။

သရုပ်ဆောင် ရွှေပိုးအိမ်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိခဲ့ကြတာပြီး သူ့အနေနဲ့ ဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရွှေပိုးအိမ်က ခေါင်းဆောင် မင်းသမီးအနေနဲ့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

You may also like these stories:

သရုပ်ဆောင် အသစ်တွေကို နေရာပေးပြီး ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်

ဒွေးနဲ့ ကျော်ဟိန်းတို့ မရိုက်ဖြစ်ခဲ့တဲ့ “ငါတို့သည်” ရုပ်ရှင်မှာ ပါဝင်ရလို့ ဂုဏ်ယူနေတဲ့ ထွန်းကိုကို

Did you find apk for android? You can find new Free Android Games and apps.
Loading