လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်း အမှုတွေနဲ့ ပတ်သက်ပြီး ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့အပေါ် သရုပ်ဆောင် နန်းဆုဦးက လူမဆန်တဲ့ လုပ်ရပ် ဖြစ်တာကြောင့် လူ့ပတ်ဝန်းကျင်မှာ ရှိမနေသင့်ဘူးလို့ ပြောပါတယ်။
“ညီမအနေနဲ့ သက်ငယ်မုဒိမ်းဆိုတဲ့ လုပ်ရပ်က လူမဆန်တဲ့ လုပ်ရပ်တခုဖြစ်တာကြောင့် လူ့ပတ်ဝန်းကျင်မှာ ရှိမနေသင့်ဘူးလို့ ထင်ပါတယ်။ မိန်းကလေးတွေအတွက် အဲ့လူတွေက အရမ်း အန္တရာယ်များတယ်။ ယောကျာ်းလေး အင်အားနဲ့ မိန်းကလေး အင်အားက မျှမှ မမျှတာ။ ကိုယ့်ကို အန္တရာယ်ပေးချိန်မှာ ဘယ်လို ပြန်ကာကွယ်မလဲပေါ့။ ဘယ်လောက် Education ပေးထားတယ် ဖြစ်ပါစေပေါ့။ မကောင်းတဲ့သူ၊ ယုတ်မာတဲ့သူတွေကတော့ ရှိမှာပဲ”
“အဲ့လို အခြေအနေနဲ့ ကြုံလာရင် ကိုယ်တွေလို လူကြီးတောင် ကာကွယ်လို့ မလွယ်နိုင်တာ ကလေးတွေဆိုတော့ ပိုဆိုးမှာပေါ့။ ညီမအနေနဲ့ကတော့ ဒီလိုမျိုးလုပ်တဲ့ သူတွေရှိရင် ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။ ပြစ်ဒဏ်တခု ပေးသင့်တယ်လို့ ထင်ပါတယ်။ ပြစ်ဒဏ်ကလည်း နောက်လူတွေ ထပ်မလုပ်တော့မယ့် ပြစ်ဒဏ်ကို ပေးချင်ပါတယ်။ တသက်တကျွန်း ထောင်ဒဏ်လောက်နဲ့ သူလုပ်ခဲ့တဲ့ ပြစ်ဒဏ် မမျှဘူးထင်တယ်”လို့ နန်းဆုဦးက ပြောပါတယ်။
ကလေးငယ်တွေ၊ အဓမ္မပြုကျင့်ခံရတဲ့သူတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးအားဖြည့်ပေးလို့ရရင် လုပ်ပေးချင်ပါတယ်လို့ နန်းဆုဦးက ဆိုပါတယ်။
“ကိုယ့်မှာလည်း တူ၊ တူမတွေရှိတော့ ဒီလို သတင်းတွေ ကြားချိန်မှာ ရင်ထဲကို စူးနစ်နေအောင် ခံစားလိုက်ရတယ်။ ညီမတို့လို မဆိုင်သူတွေတောင် ဒီလိုခံစားရတာ ကာယကံရှင်တွေဆို ဘယ်လောက်တောင် ခံစားရမလဲ ကာယကံရှင်နဲ့ ပတ်သက်တဲ့သူတွေဆို ဘယ်လောက်တောင် ခံစားရမလဲ။ ဒါမျိုးတွေကို ကြားရတာ စိတ်မကောင်းဖြစ်မိသလို ကိုယ်ချင်းလည်း စာမိပါတယ်။ ညီမအနေနဲ့ နစ်နာသူတွေကို ကိုယ်တကယ် လုပ်ပေးနိုင်တာ ဘာရှိမလဲပေါ့။ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးချင်ပါတယ်။ ညီမ အနေနဲ့ ကူညီပေးလို့ရမယ်။ အားဖြည့်ပေးလို့ရရင် လုပ်ပေးချင်ပါတယ်”လို့ နန်းဆုဦးက ဆိုပါတယ်။
သရုပ်ဆောင် နန်းဆုဦးဟာ အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့ အပိုင်းမှာပါ ပရိသတ်တွေ အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။ နန်းဆုဦးကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာတာ ဖြစ်ပါတယ်။ နန်းဆုဦး ပါဝင် သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် “အနန္တ” ဇာတ်ကားကို မကြာခင် ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။
You may also like these stories:
ရုံတင်တော့မယ့် “အနန္တ” မြန်မာသိပ္ပံ ဇာတ်ကားအတွက် စိတ်ပူနေတဲ့ နန်းဆုဦး
“မဟူရာ ရုပ်ရှင်ရုံ” ဇာတ်ကား ရိုက်ကူးစဉ်က ချောက်ချားမှုတွေအကြောင်း ပြောပြတဲ့ နန်းဆုဦး
“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော