တရုတ်မင်းသမီး ဖန်ပင်းပင်းဟာ ပြီးခဲ့တဲ့နှစ်မှာ အခွန်ရှောင်တဲ့ ကိစ္စတွေကြောင့် လပေါင်းများစွာကြာ ပရိသတ်ရှေ့မှောက်ကနေ ကွယ်ပျောက်နေခဲ့ပါတယ်။ မင်းသမီးဟာ အခွန်ရှောင်တဲ့ ကိစ္စတွေ စုံစမ်း သိရှိရတာကြောင့် အဖမ်းမခံရဖို့အရေး အမေရိကန်နိုင်ငံကို ထွက်ပြေးဖို့လည်း ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ အခွန်ရှောင်မှုကြောင့် အချိန်လွန်ခဲ့တဲ့ အခွန်နဲ့ ဒဏ်ကြေး ဒေါ်လာ ၁၇၇ သန်းဖိုးလောက် ပေးဆောင်ဖို့ အာဏာပိုင်တွေက အမိန့်ချမှတ်ခဲ့ပြီးနောက် မကြာခင်မှာပဲ ပရိသတ်ရှေ့မှောက် ပြန်ရောက်လာခဲ့ပါတယ်။
အဲ့ဒီနောက် မကြာသေးမီကာလမှာပဲ သူ့ရဲ့ ကံခေတဲ့ အချစ်ရေး သတင်းတပုဒ်ထပ် ထွက်လာပါတယ်။ သူ့ရဲ့ ခက်ခဲတဲ့ နေ့ရက်တွေမှာ သူ့ဘေးနားမှာ ရှိနေခဲ့တဲ့ အသက် ၄၀ နှစ်အရွယ် ခင်ပွန်းလောင်း လီချန်းနဲ့ အသက် ၃၇ နှစ်အရွယ် မင်းသမီးတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာပဲ ၄ နှစ်ကြာ အချစ်ဇာတ်လမ်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အင်တာနက်သုံးစွဲသူ တော်တော်များများကတော့ အဲ့ဒီ သတင်းဟာ သတင်းအမှားသာဖြစ်ပြီး လူပြောများအောင် ပြုလုပ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အခုတော့ သူတို့လမ်းခွဲလိုက်ကြောင်း ကြေညာအပြီး ၃ ရက်လောက်အကြာ ထိုင်းစားသောက်ဆိုင် တဆိုင်မှာ သူတို့ နှစ်ဦးဟာ ညစာအတူ သုံးဆောင်နေခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ တရုတ် မီဒီယာတခုက ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာပဲ အဲ့ဒီပရိသတ်တွေရဲ့ သံသယက ပိုပြီး မြင့်တက်လာခဲ့ပါတယ်။
on.cc ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ စားသောက်ပြီးတဲ့အခါ သူတို့ရဲ့ ကားတွေဆီကို လမ်းလျှောက်လာခဲ့ပြီး တယောက်နဲ့ တယောက် နှုတ်ဆက်ဖို့ အားတုံ့အားနာ ဖြစ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
သူတို့နှစ်ဦးကို ဇွန်လ ၂၉ ရက်နေ့မှာ မြင်တွေ့ခဲ့ရချိန်မှာ သူတို့ နှစ်ယောက်လုံးအား စိတ်ပျက်အားငယ်နေတဲ့ ပုံတော့ မတွေ့ခဲ့ရပါဘူး။ မင်းသမီးဟာ ပရိသတ်တချို့ရဲ့ Selfie ဓာတ်ပုံရိုက်ကူးဖို့ တောင်းဆိုချက်ကို ဝမ်းပမ်းတသာနဲ့ လက်ခံခဲ့တဲ့အပြင် မင်းသား လီဟာလည်း လမ်းပေါ်မှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။
မျက်စိလျင်တဲ့ ပရိသတ်တချို့ကတော့ ဇွန်လ၂၇ ရက်နေ့တုန်းက လမ်းခွဲလိုက်ကြောင်း ကြေညာခဲ့ပြီး နှစ်ရက် အကြာတုန်းက တောင်ကိုရီးယားမှာ သူတို့နှစ်ဦးကို မြင်တွေ့ခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။ တချို့ ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့လမ်းခွဲတဲ့သတင်းကို လက်မခံဘဲ ပြန်အဆင်ပြေသွားကြပြီလို့လည်း ပြောဆိုတာမျိုးတွေ ရှိနေခဲ့တာပါ။
ပြီးတော့ မင်းသမီး ဖန်ဟာ တခြား အမျိုးသားတဦးနဲ့ ရတဲ့ ကလေးကို လွယ်ထားရတာကြောင့် မင်းသားလီနဲ့ လမ်းခွဲလိုက်တယ်လို့ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။
Ref:asiaone
You May Also Like These Stories:
စေ့စပ်ထားတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ တရုတ်မင်းသမီး ဖန်ပင်းပင်း
ပရိသတ်ရှေ့မှောက် တဖန်ပြန်ရောက်လာခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်း