လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်း အမှုတွေနဲ့ ပတ်သက်ပြီး ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတဲ့အပေါ် အဆိုတော် ဟဲလေးက တရားခံကို မှတ်လောက်သားလောက်အောင် ပြစ်ဒဏ်ပေးစေချင်တယ်လို့ ဆိုပါတယ်။
“ကလေးတွေကို အသိပညာတွေ များများပေးရမယ်။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ပေါ့။ Sex Education သင်ဖို့ကိုလည်း ကျနော်တို့ မြန်မာနိုင်ငံက လူတွေက ရှက်ကြတယ်။ အသိတော့ ပေးရမယ်။ ဒီလို သတင်းတွေ အရမ်းများလာတယ်။ ခေတ်ကြီးက တော်တော် မကောင်းဘူး။ အမှုမှန်တွေ ပေါက်စေချင်တယ်။ နောက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကိုလည်း ရစေချင်တယ်”
“တကယ့် တရားခံကို မှတ်သားလောက်အောင် ပြစ်ဒဏ် ပေးစေချင်တယ်။ သားအကြီးလေးကိုလည်း သိသင့် သိထိုက်တာတွေ ပြောပြပါတယ်။ ကိုယ်က သား မွေးထားပေမယ့်လည်း သူတို့ကို အသိပေးရတယ်။ ကလေးတွေကတော့ သူတို့မသိတော့ အထူးအဆန်းတော့ ဖြစ်တတ်တယ်။ ကိုယ်ကလည်း သူများမလုပ်နိုင်အောင်။ သူများလုပ်ရင်လည်း ရှောင်တိမ်းတတ်အောင် သင်ကြားပေးပါတယ်”လို့ အဆိုတော် ဟဲလေးက ပြောပါတယ်။
ဆက်လက်ပြီး ဟဲလေးက ကလေးတွေအပေါ် သူတို့ရဲ့ စိတ်အခြေအနေကို အမြဲ သတိထား ကြည့်သင့်တယ်လို့ ပြောပါတယ်။
“ကလေးတွေကိုလည်း အမြဲ သတိထား ကြည့်သင့်တယ်။ သူတို့ ပျော်နေလား၊ ဘာဖြစ်နေလဲပေါ့။ အလုပ်မအားလို့ မကြည့်ဘဲ နေလို့ရတဲ့ ခေတ် မဟုတ်တော့ဘူး။ လူတွေရဲ့ စိတ်တွေက ဘာတွေ ဖြစ်လာမှန်း မသိဘူး။ အရမ်းကြောက်ဖို့ ကောင်းလာတယ်။ အဲ့အတွက် သူတို့လေးတွေကို ကြည့်ပြီး အသိပညာလေးတွေ ပေးသင့်တယ်”လို့ ဟဲလေးက ဆိုပါတယ်။
သားတွေကို အမြဲဆုံးမ သွန်သင်တဲ့ ဟဲလေးကတော့ ကိုယ်တိုင် နံဘေးမှာ ရှိနေချိန်သာ ကလေးတွေကို ဖုန်းပေးကိုင်တယ်လို့ ပြောပါတယ်။
“သားတွေကို ကျနော်ရှိတဲ့ အချိန်မျိုးပဲ ကျနော့် ဖုန်းကို ပေးပါတယ်။ ကျန်တဲ့အချိန်မှာတော့ ဖုန်းသိမ်းတယ်။ ဖုန်းပေး မသုံးလို့လည်း မရဘူးလေ။ သူတို့ အရွယ်နဲ့ YouTube ကနေလည်း ကာတွန်းကားတွေ ကြည့်တာဆိုတော့ ကျနော် ရှိချိန်တော့ ပေးသုံးတယ်။ အရင်ကတည်းက သားတွေကို စကားပြောပေးတယ်။ ခရီးသွားရင်တောင် ဖုန်းကနေေ ပြာတယ်။ ကျောင်းမှာ အဆင်ပြေလား။ ဘာဖြစ်လဲ၊ ဘာစားလဲ၊ ဘယ်လိုလဲပေါ့။ အမြဲ မေးတယ်။ ကလေး ကလေးချင်းလည်း ရန်ဖြစ်တာမျိုး၊ အနိုင်ကျင့်တာမျိုး မရှိအောင်လည်း အမြဲဆုံးမ ပြောပြပေးတယ်”လို့ ဟဲလေးက ဆိုပါတယ်။
သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူ အဆိုတော် ဟဲလေးဟာ သာယာတဲ့ မိသားစုကို ပိုင်ဆိုင်ထားပြီး သူချစ်တဲ့အနုပညာများကို ဖန်တီးနေသူ ဖြစ်ပါတယ်။ ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ အိမ်ထောင်သက် ၁၀ နှစ် ရှိပြီဖြစ်ပြီး ပရိသတ်ချစ်ခင် အားကျရတဲ့ ဇနီးမောင်နှံ စုံတွဲလည်း ဖြစ်ပါတယ်။
You may also like these stories:
ဂီတသက်တမ်း ၁၈ နှစ်ပြည့် “One Man Show” လုပ်မယ့် အဆိုတော် ဟဲလေး
“သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ လုပ်ရပ်ဟာ လူ့ပတ်ဝန်းကျင်မှာ ရှိမနေသင့်ဘူး”
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်”လို့ ပြောတဲ့ မအေးသောင်း