ရုပ်ရှင်ချစ်သူတွေ စောင့်မျှော်နေကြတဲ့ “Spider-Man: Far From Home” ဇာတ်ကားကို ကိုရီးယားနိုင်ငံမှာ ရုံတင် ပြသနေပါပြီ။ ကမ္ဘာ့တဝှမ်းမှာ ရုံဝင်ငွေအမြင့်ဆုံး စံချိန်တွေ တင်ခဲ့တဲ့ “Avengers: Endgame” အလွန် Marvel ရဲ့ပထမဆုံးကားဖြစ်လို့လည်း ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး ရှိနေခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဇူလိုင် ၂ ရက် ပထမဆုံး ရုံတင်ရက်မှာပဲ ကြည့်ရှုသူ ၆၇၄,၀၀၀ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါဟာ ကြည့်ရှုနှုန်း စံချိန်ချိုးနေတဲ့ Disney Live-action ဇာတ်ကား “Aladdin” ကိုကျော်ဖြတ်ပြီး နိုင်ငံတကာဇာတ်ကားစာရင်း Box Office မှာ ပထမရက်မှာတင် ပထမနေရာကို ဝင်ယူနိုင်ခဲ့တယ်လို့ ကိုရီးယား ရုပ်ရှင်ကောင်စီ အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။
“Aladdin” ကတော့ ပြသပြီး ၄၉ ရက်မြောက်အဖြစ် လူပေါင်း ၇ သောင်း ၂ ထောင်ကျော် ဝင်ရောက်ကြည့်ရှုနေဆဲပါ။ ပြသတဲ့ ပထမရက်မှာတင် ကြည့်ရှုနှုန်း စံချိန်ချိုးလိုက်တဲ့ “Spider-Man: Far From Home” ဒုတိယမြောက် ဇာတ်ကားဟာ ပထမကား “Spider-Man: Homecoming” တုန်းကထက် ၁ သိန်းနှစ်သောင်းကျော်လောက် လူပိုဝင်တယ်လို့ သိရပါတယ်။ ပထမဆုံးရက် ရုံပိတ်တဲ့အချိန်ထိ ကြည့်ရှုနှုန်း အမြင့်ဆုံးအချိန်ကတော့ ပထမဆုံးပြသချိန် မနက် ၉ နာရီပွဲစဉ်ကို ကြိုတင်လက်မှတ် ၅ သိန်းကျော် ရောင်းချခဲ့ရတာပါ။
ကြည့်ရှုနှုန်းအမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ “Spider-Man: Far From Home” ဟာ လူငယ် ဟီရိုးဇာတ်ကားတွေစာရင်းမှာ “Avengers: Endgame” လိုပဲ လူကြည့်အများဆုံး စာရင်းဝင်နိုင်ခဲ့ပါတယ်။
ဇွန် ၂၉ ရက်နေ့ကလည်း SpiderMan အဖြစ်သရုပ်ဆောင်တဲ့ Tom Holland နဲ့ Mysterio အဖြစ် သရုပ်ဆောင်တဲ့ Jake Gyllenhaal တို့ ကိုရီးယားကို ရုပ်ရှင်အကြို ပရိုမိုးရှင်းဆင်းရင်း ပရိသတ် တွေ့ဆုံပွဲလေးပါ ကျင်းပခဲ့ပါသေးတယ်။
ဒါ့အပြင် နိုင်ငံတကာမှာ တချိန်တည်း ရုံတင်ပြသခဲ့တဲ့ ဒီဇာတ်ကားဟာ မြောက်အမေရိက ရုံဝင်စာရင်းမှာလည်း စံချိန် တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာသူတွေရဲ့ သုံးသပ်ချက်အရ ထုတ်လုပ်သူ Sony နဲ့ Marvel စတူဒီယိုဟာ ပထမဆုံးရက်မှာတင် ရုံဝင်ကြေး အမေရိကန်ဒေါ်လာ သန်း ၄၀ ကနေ ၄၈ သန်းကြားရခဲ့တယ်လို့ ခန့်မှန်းနေကြပါတယ်။
ကြိုတင် ခန့်မှန်းချက်တွေအရ “Avengers: Endgame” အလွန် ဖြစ်ရပ်တွေဆီ ဆွဲခေါ်သွားနိုင်မယ့် Spider-Man: Far From Home ဟာ တပတ်ဝင်ငွေ သန်း ၁၂၀ လောက် ရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ပထမဆုံး ရုံတင်ရက်မှာတင် ကမ္ဘာအနှံ့ စံချိန်ချိုးနေတာကြောင့် သန်း ၁၅၀ ကနေ ဒီ့ထက်မက ဝင်နိုင်သေးတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Ref: Korea Herald
You may also like these stories:
နောက်တကား ရိုက်ဖို့ သေချာနေတဲ့ “Spider-Man: Into The Spider-Verse”
အသစ်ထွက်လာမယ့် ‘Spider-Man’ ရုပ်ရှင်မှာ ဗီလိန်အဖြစ် ပါဝင်ထားတဲ့ Jake Gyllenhaal