သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုမှု ပြုလုပ်ရာမှ စတင်ကာ အမျိုးမျိုးသော ဝေဖန်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ အလှမယ် သင်းသင်းကတော့ မကြာသေးမီက မင်းသမီးကြီး နှစ်ယောက်က အင်တာဗျူးများ ဖြေထားတာနဲ့ ပတ်သက်ပြီး မီဒီယာများကို အခုလိုပဲ ပြောပါတယ်။
“တခုတော့ ပြောပါဦးမယ်။ မပြောတော့ဘူး နေတာ။ ဟိုရက်က နားထောင်တာ အန်တီ ချိုပြုံးတို့၊ အန်တီ မို့မို့မြင့်အောင်တို့ ပြောထားတယ်။ အခုခေတ် မိန်းကလေးတွေက အရမ်းခက်တယ်တဲ့။ ကျမကို ဝါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းထားတယ်။ ဘာပြောထားလဲဆိုတော့ နာမည်ကြီးချင်တာနဲ့ပဲလို့ ပြောတယ်။ စဉ်းစားကြည့်ပါ။ အန်တီတို့ကို သမီး ဒီကနေပဲ ပြောချင်ပါတယ်။ ဘာပြောချင်လဲဆိုရင် ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့။ အခုခေတ်မှာ ကိုယ်ခံစားရတာသည် ကိုယ်ပဲ သိတယ်”လို့ အလှမယ် သင်းသင်းက ပြောပါတယ်။
အခုခေတ်မှာ သိက္ခာကျခံပြီးတော့ ဆယ်လီဖြစ်စရာ အကြောင်းမရှိတဲ့အတွက် ဝါးလုံးရှည်နဲ့ ပတ်မရမ်းပါနဲ့ လို့ သင်းသင်းက ပြောခဲ့တာ ဖြစ်ပါတယ်။
“အန်တီ ချိုပြုံးနဲ့ အန်တီ မို့မို့မြင့်အောင်တို့ကို ပြောချင်ပါတယ်။ အခုခေတ် လူတွေက ဆယ်လီဆိုတာ ကျမက ဒီအသက်အရွယ် ရောက်သွားပြီ။ မိသားစုမှာ ဖြတ်သန်းလာတဲ့အချိန်တွေက အများကြီး။ အဲ့တော့ ကိုယ်စားနေတဲ့ ထမင်း ကုန်လာတဲ့အချိန်က အသက် ၂၀ ကျော်မှာ ရောက်နေပြီ။ အဲဒီအသိပညာက ကိုယ့်သိက္ခာနဲ့ လဲရအောင် မိန်းကလေး တယောက်မှာ ဆယ်လီ ဖြစ်ချင်ရအောင် ကျမမှာ မိဘ ရှိတယ်။ အသိုင်းအဝိုင်း ရှိတယ်။ ကျမ အခုခေတ်မှာ သိက္ခာကျခံပြီးတော့ ဆယ်လီဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့ ကျမက ကျမပါပဲ”လို့ သင်းသင်းက ဆိုပါတယ်။
နာမည်ကြီးချင်ပါက အခုခေတ်မှာ အဖော်အချွတ်ပြုလုပ်ပြီး နာမည်ကြီးအောင် လုပ်လို့ရနေပေမယ့် သင်းသင်းအနေနဲ့ သူ့ရဲ့နစ်နာမှုတခုအတွက် မင်းသား ဝေဠုကျော်ကို တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“နာမည်ကြီးချင်မှတော့ အဖော်အချွတ် လုပ်၊ လမ်းဘေးက လူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် နာမည်ကြီးသွားတာပဲ။ ကျမတို့ မြန်မာလူမျိုးတွေက မကောင်းတာဆိုရင် Sharing လုပ်ကြတယ်။ အဲ့လို လုပ်ရင်း လုပ်ရင်းနဲ့ နာမည်ကြီးသွားတယ်။ အဲ့လိုပဲ အခု သင်းသင်းကို အပုပ်ချချင်လို့ လုပ်သွားတယ်။ သင်းသင်းက ဆယ်လီဖြစ်ချင်လို့လုပ်တာ မဟုတ်ဘူး”လို့ သင်းသင်းက ပြောပါတယ်။
တခြားသော ဝေဖန်နေကြသူများကိုလည်း “သင်းသင်းက သာမန်လူပဲ။ အများဝေဖန်သလို ပညာမတတ်တာ ဘာဖြစ်လို့လဲ။ ဒါပေမဲ့ ပညာတတ်တဲ့သူထက် အသိဉာဏ် ရှိတယ်ရှင့်။ ကျမကို ဝေဖန်တဲ့သူတွေက အသိဉာဏ်တွေ ပညာတွေ အရမ်းရှိပြီးတော့ အဲ့လိုလူက အရမ်းကြောက်ဖို့ ကောင်းတယ်။ ကိုယ့်ထက်တောင် ကြောက်ဖို့ ကောင်းနေတယ်။ ကြိုက်သလို ဝေဖန်ပါ။ ဝေဠုကျော်နဲ့ ပတ်သက်ပြီး သင်းသင်းက ဝေဠုကျော်တင်ပေးတဲ့ မင်းသမီးဆိုတာကို ဘယ်တုန်းကမှ အဖြစ်မခံလို့ ဒီအနေအထား ထိနေတာ”လို့ သင်းသင်းက ပြောပါတယ်။
အလှမယ်တဦးဖြစ်ခဲ့တဲ့ သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်နဲ့ အမျိုးသမီးရေးရာ ပွဲတပွဲမှာ တွေ့ဆုံခဲ့ပြီး ချစ်ကြိုက်ခဲ့ပြီးနောက်မှာတော့ ဝေဠုကျော်ဘက်မှ တာဝန်ယူမှု မရှိတဲ့အတွက် ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဆိုပါအမှုကိုတော့ သင်းသင်းက ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝေဠုကျော်က ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံ ရယူကာ တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You May Also Like These Stories:
ဝေဠုကျော်ရဲ့ တရားရုံး ကင်းလွတ်ခွင့် လျှောက်ထားမှု ပယ်ချခံရ
“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော
အသံဖိုင်က ဝေဠုကျော်သွင်းခိုင်းလို့ သွင်းထားခဲ့တာလို့ သင်းသင်းပြော