တရုတ်မင်းသား Huang Xiaoming နဲ့ မင်းသမီး Angelababy တို့စုံတွဲဟာ လေးနှစ်ကြာခဲ့ပြီ ဖြစ်တဲ့ အိမ်ထောင်ရေးဟာ ခယောင်းလမ်းကိုလျှောက်နေရတဲ့အတိုင်း ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုသွားခဲ့ပါတယ်။
တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ဇူလိုင်လ ၂ ရက်နေ့ကနေ စလို့ လူပြောများလာခဲ့တဲ့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး သတင်းဟာ အရှေ့တိုင်းမီဒီယာမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ ဆောင်း-ဆောင်း စုံတွဲကွာရှင်းမယ့်သတင်းနဲ့ ရှေ့ဆက်နောက်ဆင့် ဆိုသလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ အတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး Weibo အသုံးပြုသူတဦးက အသက် ၃၀ အရွယ် မင်းသမီး Angelababy နဲ့ အသက် ၄၁ နှစ်အရွယ် မင်းသား Huang တို့ဟာ ကွာရှင်းတော့မယ်ဆို တာကို မကြာခင်ကြေညာဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ Little Sponge (ရေမြှုပ်လေး) လို့ခေါ်တဲ့ ပထမဆုံး သားလေးကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်သတင်းမီဒီယာတွေရဲ့ အဆိုအရ မင်းသား Huang ဟာ ယွမ် ၈၉၇ သန်းကျော် ပါဝင်တဲ့ စတော့ရှယ်ယာကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတက်ခဲ့တဲ့ အချိန်နောက်ပိုင်း ပြီးခဲ့တဲ့နှစ် သြဂုတ်လကစလို့ နှစ်ဦးသား အိမ်ထောင်ရေးက ဆိုးရွားနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
မင်းသား Huang ကတော့ အဲ့ဒီကိစ္စမှာ သူပါဝင်ခဲ့တာမရှိတဲ့အကြောင်း ပြောဆိုထားပြီး အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေး ခံရတဲ့အထဲသူမပါဘူးလို့ အတည်ပြုထားပေမယ့် အငြင်းပွားဖွယ်ဖြစ်ရပ်ကြောင့် သူ့ပုံရိပ်ကိုတော့ ထိခိုက်ခဲ့ရပါတယ်။
တခြားသတင်းမီဒီယာတွေရဲ့ အဆိုအရ သူတို့စုံတွဲနှစ်ဦးဟာ ပြီးခဲ့တဲ့လက ရှန်ဟိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ပွဲအခမ်းအနားတခုကို တက်ရောက်ခဲ့ပြီးတဲ့နောက် သီးခြားကားတွေနဲ့ ပြန်လည်ထွက်ခွာခဲ့ကြတယ် လို့ သိရပါတယ်။
ကောလာဟလတွေထွက်တာကြောင့် မင်းသမီး Angelababy ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီက အဲ့ဒီအွန်လိုင်း သတင်း တွေကို ပယ်ချသွားခဲ့ပြီး သတင်းတွေက မဖြစ်နိုင်ကြောင်းနဲ့ သတင်းအမှားတွေသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဇူလိုင်လ ၃ ရက်နေ့မှာတော့ မင်းသား Huang ဟာ သူနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ကို ရပ်တန့်ဖို့ Weibo မှာ ပရိသတ်တယောက်ကို တိုက်ရိုက်စာပြန်ခဲ့ပါတယ်။ အဲ့ဒီအသုံးပြုသူက မင်းသား Huang ကို Tag တွဲပြီး “ငါမင်းနဲ့ ဘေဘီ့ကို သဘောကျတယ်” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒါကို မင်းသားက “ကျေးဇူးတင်ပါတယ်။ ကျနော်လည်း ဘေဘီ့ကို သဘောကျပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။
အခုလိုမျိုးသူတို့နှစ်ဦးရဲ့ ကွာရှင်းမယ်လို့ဆိုတဲ့ ကောလာဟလသတင်းတွေထွက်ပေါ်လာတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မင်းသား Deng Lun နဲ့ Angelababy က ကဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦး ကွာရှင်းတော့မှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
Ref:asiaone
You may also like these stories:
ကိုရီးယားစတားတို့ရဲ့ သတင်းဆိုးများကြောင့် တောင်ကိုရီးယား ခရီးသွားလုပ်ငန်း ထိခိုက်နေရ
Song-Song စုံတွဲ ကွာရှင်းသတင်းကြောင့် DOTS ပန်းခြံ စုံတွဲပွဲတော် ဖျက်သိမ်း
ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား
တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်