မိန်းကလေးပရိသတ်များစွာရဲ့ အချစ်တော်သရုပ်ဆောင်ဒေါင်းကတော့ ရုပ်ရှင်ဇာတ်ကားများ လက်ခံရိုက်ကူး တဲ့အခါမှာတော့ နောင်နှစ်ပေါင်းများစွာ ပြန်ကြည့်နိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။
“ကျနော်က ရုပ်ရှင်ကားတကားရိုက်ရင် အဲ့ဇာတ်ကားတကားကို နောက်နှစ်ပေါင်းများစွာကျရင်လည်း ပြန်ကြည့်နိုင် ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ အဲ့လိုပဲ ကျနော်လည်း ကျနော်ပြန်ကြည့်ရတဲ့ကားတွေအပေါ်မှာ လိပ်ပြာသန့်ချင်သလို ကျနော်ရိုက်ခဲ့တဲ့ကားတွေအပေါ် လိပ်ပြာသန့်ချင်တယ်။ အဲဒီမျှော်လင့်ချက် တခုတည်းနဲ့ပဲ ဒီဇာတ်လမ်းတွေပေါ်မှာ သဘောထားပါတယ်” လို့ သရုပ်ဆောင် ဒေါင်းကပြောပါတယ်။
ရိုက်ခဲ့သမျှ ဇာတ်ကားတိုင်းကိုတော့ ပန်းချီကားတကားဆွဲတယ်လို့ ခံယူထားပြီး ခံယူချက်မရှင်းလင်းဘဲ ဘယ်ဇာတ်ကားကိုမှ မရိုက်ချင်ဘူးလို့ဆိုပါတယ်။
“ကျနော်ရိုက်ခဲ့သမျှ ဇာတ်ကားတိုင်းကို ပန်းချီကားတကားဆွဲတယ်လို့ ခံယူထားပါတယ်။ ကာလာတွေလည်းပါမယ်။ အရုပ်တွေလည်းပါမယ်။ ခံစားချက်တွေလည်းပါမယ်။ အထူးသဖြင့်ကတော့ ကိုယ်ဘယ်လိုခံယူချက်နဲ့ ဇာတ်ကား တကားကို ရိုက်တာလည်းဆိုတာ ရှင်းရှင်းလင်းလင်းမသိရရင် ဘယ်ဇာတ်ကားမှမရိုက်ချင်ဘူး။ ဒါကျနော့်ရဲ့ ခံယူချက်လေးပါ” လို့ ဒေါင်းက ပြောပါတယ်။
မကြာခင်မှာလည်း ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ “ဒဏ္ဍာရီမိုး” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသတော့မှာဖြစ်ပြီး ဒီကားထဲမှာတော့ အချစ်နဲ့ပတ်သက်ရင် ခံစားချက်ပြင်းထန်တဲ့ သူဋ္ဌေးသားတယောက်နေရာက သရုပ်ဆောင်ထား တယ်လို့ သိရပါတယ်။
အဆိုပါ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရဲတိုက်နဲ့သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တွေ့ဆုံရတဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“သူနဲ့တွေ့ရတာ စိတ်လှုပ်ရှားစရာကောင်းတယ်။ ကိုယ့်အစ်ကိုလည်းခင်ရတဲ့ အစ်ကိုတယောက်လည်းဖြစ်တယ်။ ပြီးတော့ အရမ်းလည်းတော်တယ်။ သူ့ခံစားချက်တွေက ကိုယ်သရုပ်ဆောင်ရင် ကိုယ့်ဆီကို စီးမျောဝင်သွားတော့ ကိုယ်ပါအလိုလို Mood ကရတယ်”
“အဲ့လိုပဲသူလည်း ကိုယ်နဲ့အတူတူသရုပ်ဆောင်ရင် Mood ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် သူ့ဆီကရတာတွေက ပိုပြီး Chemistry ဖြစ်တယ်။ သူကတကယ်တော်တဲ့ သရုပ်ဆောင်တယောက်ပါ” လို့ဒေါင်းကပြောပါတယ်။
ရဲတိုက်ကတော့ ခံစားချက်ကို ဦးစားပေးပြီးသရုပ်ဆောင်တဲ့ အနုပညာသမားတယောက်ဖြစ်တဲ့အတွက် သူနဲ့ သရုပ်ဆောင်ရတာ စိတ်လှုပ်ရှားစရာကောင်းပြီး ရဲတိုက်ကိုလည်း ဆက်လက်ပြီးအများကြီး မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
“ကိုရဲတိုက်ကားတွေက အခုမှကြည့်ဖူးတာ မဟုတ်ဘူးလေ။ အရင်ကတည်းက သရုပ်ဆောင်စလုပ်ကတည်းက သူ့ဇာတ်ကားတွေကို လေ့လာပြီးသား ၊ ကြည့်ပြီးသား သူကခံစားချက်ကိုဦးစားပေးပြီး သရုပ်ဆောင်တဲ့ အနုပညာသမားတယောက်။ လေးစားပြီးသားလေ”
“ အနုပညာသမားတယောက်ဖြစ်ဖြစ် လူသားတယောက်ဖြစ်ဖြစ် ခံစားချက်ကိုပေးဆပ်ရပြီဆိုရင် ဘဝမှာ ဆုံးရှုံးရတာ အများကြီးရှိလို့။ ကျနော်လည်းအဲ့လိုတွေရှိပါတယ်။ လူတိုင်းမှာလည်းရှိပါတယ်။ သူနဲ့ သရုပ်ဆောင်ရတာ စိတ်လှုပ်ရှား စရာကောင်းတယ်။ ဆက်ပြီးလည်းသရုပ်ဆောင်ချင်တယ်။ သူ့လိုသရုပ်ဆောင်တယောက်ကို အများကြီးလည်း မျှော်လင့်ပါတယ်” လို့ ဒေါင်းက ပြောပါတယ်။
ရဲတိုက်နဲ့ ဒေါင်းတို့ ၂ဦးကတော့ ရုပ်ရှင်ထုတ်လုပ်ရေးတခုထဲက မွေးထုတ်ပေးခဲ့တဲ့ သရုပ်ဆောင်များဖြစ်ကြပြီး “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကတော့ သူတို့ ၂ဦးရဲ့ပထမဆုံးတွေ့ဆုံမှုပဲဖြစ်ပါတယ်။
You may also like these stories:
မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း
ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်”
“ကျနော့် ပုံတွေ Share ကြတဲ့ ကောင်မလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”
အသက်အရွယ်နဲ့ လိုက်မယ့် ဇာတ်ကောင်မျိုးကိုသာ စိတ်ဝင်စားတဲ့ ဒေါင်း