မလေးရှားဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ မယားပါသား ဟောလိဝုဒ်ထုတ်လုပ်သူ Riza Aziz ဟာ ငွေကြေး ခဝါချမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ မင်းသား Leonardo DiCaprio ပါဝင်သရုပ်ဆောင်ထားတဲ့ “The Wolf of Wall Street” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ မစ္စတာ Aziz ကို မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အာမခံပေးထားတယ်လို့လည်း ဆိုပါတယ်။
အမေရိကန် အစိုးရရှေ့နေတွေကတော့ မစ္စတာ Aziz ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီဟာ သူ့ရဲ့ နာမည်ကျော် ရုပ်ရှင်မှာ ငွေထည့်ပြဖို့ ဘီလီယံနဲ့ ချီတဲ့ ဒေါ်လာတွေကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
မစ္စတာ Aziz ရဲ့ ပထွေးနဲ့ မိခင်ဟာလည်း အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သူဟာ ဇူလိုင်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ တရားရုံးကြားနာမှုကို လာရောက်ခဲ့တဲ့အကြောင်း မလေးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီ အကြီးအကဲ Latheefa Koya က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မစ္စတာ Aziz ကတော့ မဟုတ်မမှန်တာ ဘာမှမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ Red Granite ကလည်း အမေရိကန်အစိုးရနဲ့ တရားတဘောင် ရင်ဆိုင်နေရပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း Najib ဟာ စွဲချက်ပေါင်း ၄၀ ကျော်ကို ရင်ဆိုင်နေရပြီး 1Malaysia Development Berhad ဘဏ်ကနေ ဒေါ်လာ ၆၈၁ သန်းကို ကိုယ်ပိုင်ငွေအဖြစ် ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထား ရပါတယ်။ သူ့ရဲ့ ဇနီး Rosmah Mansor ဟာလည်း ငွေကြေးခဝါချမှုနဲ့ အခွန်ရှောင်မှုတို့နဲ့ တရားရင်ဆိုင်နေ ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အပြစ်မရှိဘူးလို့ ထပ်တလဲလဲ ပြောဆိုထားပါတယ်။
အစိုးရရှေ့နေတွေရဲ့အစိုးရကတော့ အဲ့ဒီငွေတွေကို ခမ်းနားထည်ဝါတဲ့ ဘဝနေထိုင်မှုပုံစံအတွက် သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလမှာ အာဏာကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ဟောင်း Najib နဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်မှုနေရာတွေဆီ ဝင်ရောက်စီးနင်းမှုမှာတော့ ဒေါ်လာ သန်းနဲ့ချီတန်ဖိုးရှိတဲ့ ဇိမ်ခံပစ္စည်းတွေ ကို တွေ့ရှိခဲ့ရပါတယ်။
မစ္စတာ Aziz ဟာ ခိုးမှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်မှာပဲ စစ်ဆေးမေးမြန်းတာကိုခံခဲ့ရပါတယ်။ မင်းသား Leonardo တော့ “The Wolf of Wall Street” ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆု ကိုရရှိခဲ့ချိန်မှာတော့ မစ္စတာ Aziz ကို ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။
အမေရိကန်တရားရေးဌာနကတော့ Red Granite Pictures ဟာ Dumb and Dumber To နဲ့ Daddy’s Home ရုပ်ရှင်တွေကို ထုတ်လုပ်ဖို့ 1MDB ရန်ပုံငွေတွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ကုမ္ပဏီကလည်း မဟုတ်မမှန်တာ မလုပ်ခဲ့ကြောင်း ပြန်လည်ပြောဆိုထားပါတယ်။
Ref:BBC
You may also like these stories:
“Once Upon A Time In Hollywood” ရုပ်ရှင်မှာ အတူပါဝင်ထားတဲ့ Leonardo DiCaprio နဲ့ Brad Pitt
လူငယ် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေ ကြည့်သင့်တဲ့ ဇာတ်ကား ၃ ကား