မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၇နှစ်ကျခံရန် အမိန့်ချမှတ်ခံရပြီးနောက် သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင်မိုးအောင်ရင်ကတော့ သူ့အနေနဲ့ မိသားစုကိုလည်း ဒုက္ခပေးခဲ့ပြီး စိတ်မကောင်းဖြစ်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ခံစားချက်တွေအတွက် နောင်တရလို့ မဆုံးဘူးလို့ ဆိုပါတယ်။
“ကျနော် ဒီလောက်ထိဒုက္ခပေးပြီးသွားပြီ။ ကျနော်တော်တော်ကို အားနာတယ်။ ကျနော် အဲ့အတွက်ကို တော်တော် စိတ်မကောင်းပါဘူး။ ကျနော့်သားသာဆိုရင် စိတ်တွေးမိပါတယ်။ တော်တော်မလွယ်ပါဘူး။ ကျနော်နောင်တရလို့ မဆုံးပါဘူး။ နောင်တဆိုတဲ့စကားလည်း မသုံးချင်ဘူး။ နောင်တဆိုတာက ပါးစပ်ကနေသာ ပြောနေရတာ။ ကျနော်အလုပ်နဲ့ပဲသက်သေပြချင်တယ်။ ဆက်ကြိုးစားသွားမယ်” လို့မိုးအောင်ရင်ကပြောပါတယ်။
အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့ပြီး မကြာခင်မှာလည်း မြင့်မြတ်နဲ့ အတူရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရှိတယ်လို့သိရပါတယ်။
“မြင့်မြတ်အခုဆိုရင် အောင်မြင်နေတယ်လို့သိရတာ ဝမ်းသာတယ်။ အခုဆိုရင် ကျနော့်သူငယ်ချင်းနဲ့ ရိုက်ရမယ်ဆိုတော့ ပိုတောင်ဝမ်းသာသေးတယ်” လို့ မိုးအောင်ရင်က ပြောပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားကိုတော့ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမှာဖြစ်ပြီး ရုပ်ရှင်ကားအတွက် လက်ရှိမှာ ခန္ဓာကိုယ်ကျစ်လျစ်အောင် လက်ဝှေ့ကစားနေတယ်လို့ သိရပါတယ်။
“အရင်တုန်းက ကျနော့်ပေါင်ချိန်က ၁၃၅ပေါင် ကနေ၁၆၂လားမသိဘူး။ တော်တော်ကြီးကို များလာတယ်။ အခုတော့လက်ဝှေ့ ကစားနေတာ ၁၅၈ပေါင်လားမသိဘူးရှိသွားပြီ။ အခုလက်ဝှေ့ထိုးနေတယ်။ ၁လလောက်ရှိသွားပြီ။ နောက်ထပ်လည်းဆက်လုပ်သွားမယ်။ ကျစ်လစ်သွားအောင်လို့။ အရမ်းဝသွားတော့ကြည့် မကောင်းဘူး” လို့ မိုးအောင်ရင်ကပြောပါတယ်။
မိုးအောင်ရင်ကတော့ အကျဉ်းကျနေစဉ်အတွင်း အတွေ့အကြုံတချို့ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“ကျနော့်ထက်နှစ်တွေ အများကြီးကျထားတဲ့သူတွေ ရှိတယ်။ တသက်တကျွန်းတို့ သေဒဏ်တို့ရှိတယ်ပေါ့။ အဲ့လိုလူမျိုးတွေတောင် နေနိုင်သေးတာပဲ။ ဒီလူတွေ ဘယ်လိုကျော်ဖြတ်လာလဲပေါ့။ ကျနော် ၁၇နှစ်ကျတဲ့အချိန်မှာ သူတို့ကိုကြည့်တာ အေးဆေးပဲ။ စင်ကာပူကတယောက်ရှိတယ်။ သူဆိုရင်မြန်မာလိုကို တော်တော်တတ်နေပြီ။ ၁၃နှစ်လားမသိဘူးရှိနေပြီ”
“ သူကအကြံပေးတယ်။ အပြင်က အကြောင်းလုံးဝမတွေးနဲ့ ဒီမှာနေနေရင် ဒီကအကြောင်းပဲတွေး။ ဒီထဲမှာနေရင် ဒီကလူတွေနဲ့အဆင်ပြေအောင်နေရမှာ အပြင်လူတွေအကြောင်း မတွေးနဲ့။ ကျနော်လည်း အတတ်နိုင်ဆုံး မေ့ထားလိုက်တယ်။ အဲ့လိုမေ့ထားလိုက်လို့လည်း ထွက်လာတော့ အိပ်မက်လား၊ တကယ်လား ဆိုတာဖြစ်တာ” လို့မိုးအောင်ရင်ကပြောပါတယ်
မိုးအောင်ရင်ကတော့ အကျဉ်းထောင်အတွင်းမှာ သူတတ်မြောက်တဲ့အင်္ဂလိပ်စာကို လူအယောက် ၃၀အား သင်ကြားပေးခဲ့ပြီး ၁လအကြာမှာပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
You May Also Like These Stories:
မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ
မိုးအောင်ရင်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်စေချင်တဲ့ မို့မို့မြင့်အောင်
မိုးအောင်ရင် လွတ်မြောက်လာတဲ့အပေါ် အနုပညာရှင်များရဲ့ ဝမ်းသာစကားများ