သင်ဟာ Marvel ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူ တယောက်ဖြစ်တယ်ဆိုရင်တော့ Iron Man ဇာတ်ကောင် Tony Stark နေရာမှာ သရုပ်ဆောင်တဲ့ Robert Downey Jr. ကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။
Iron Man ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင် မင်းသားတဦးဖြစ်တဲ့ Robert Downey Jr. ဟာ ကမ္ဘာ့ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အစီအစဉ်တခုကို လုပ်ဆောင်နေပြီး အဲဒီအစီအစဉ်ဟာ သေချာပေါက် ထိရောက်နိုင်တယ်လို့ မျှော်လင့် ဆောင်ရွက်နေကြောင်း သိရပါတယ်။
သူ့ရဲ့ အစီအစဉ်ကတော့ အဆင့်မြင့်နည်းပညာကို အသုံးပြုကာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အဓိကထား ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အဲဒီ အစီအစဉ်ကို ဆောင်ရွက်ဖို့အတွက် The Footprint Coalition ကို ဖွဲ့စည်း တည်ထောင်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ ပရောဂျက်ကတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ သန့်ရှင်းရေးပြုလုပ်မှာဖြစ်ပြီး AI (Artificial Intelligence) အသုံးပြုမယ့် ၁၀ နှစ်တာ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။ Amazon မှာ ပြောကြားခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ အခုအစီအစဉ်ကို အတိအလင်းကြေညာခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးရဲ့ ဦးတည်ချက်ဟာလည်း အဆင့်မြင့်စက်ရုပ်နဲ့ စက်တွေရဲ့ အကျိုးကျေးဇူးတွေနဲ့ လုပ်ဆောင်နိုင်စွမ်းကို အဓိကထား ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။
Robert Downey Jr. ဟာ သူ့ရဲ့ ပရောဂျက်ကို အသေးစိတ် မမျှဝေခဲ့ပေမယ့် စာအုပ်နဲ့ ရုပ်ရှင်တွေအရ AI ဟာ အကောင်းအဆိုး အကျိုးဆက်တွေအတွက် အသုံးချသူအပေါ် မူတည်တဲ့ အရာတခု ဖြစ်တာကြောင့် သူအနေနဲ့ကတော့ လူသားအကျိုးအတွက် လုပ်ဆောင်မှာဖြစ်ကြောင်း ဖော်ပြသွားခဲ့တာပါ။
Robert Downey Jr. က “စက်ရုပ်နဲ့ နာနိုနည်းပညာကို သေချာအသုံးချပြီး ကမ္ဘာတခုလုံးကို သန့်ရှင်းရေးပြုလုပ် သွားနိုင်မှာပါ။ အခုချက်ချင်း မဟုတ်ရင်တောင် ၁၀ နှစ်အတွင်းမှာ အကောင်အထည် ဖော်နိုင်မှာပါ” လု့ိ အစည်းအဝေး တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။
၂၀၂၀ ဧပြီလ မတိုင်ခင်အထိတော့ ပရောဂျက် အသေးစိတ်ကို ဘယ်သူမှ သိရှိရဦးမှာ မဟုတ်သေးဘဲ ပရောဂျက် စတင်ချိန်မှာတော့ The Footprint Coalition အဖွဲ့အစည်းရဲ့ Website မှာ ပရောဂျက်ရဲ့ လမ်းကြောင်းနဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။
Ref. brightside.me
You May Also Like This Story:
“Avengers: Endgame” အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.