“Spider-Man: Far From Home” ရုပ်ရှင်ကတော့ ရုံတင်ပြီး ပထမဆုံးသီတင်းပတ်မှာပဲ ခန့်မှန်းထားတာထက် ကျော်လွန်ခဲ့တာကိုတွေ့ရပါတယ်။ အခုနောက်ဆုံး ထွက်လာတဲ့ Sony Pictures ရဲ့ အဲ့ဒီ Marvel စူပါဟီးရိုးရုပ်ရှင်ဟာ မြောက်အမေရိကဒေသရဲ့ ၃ ရက်ကြာ ပိတ်ရက်ကာလမှာ ဒေါ်လာ ၉၃ ဒဿမ ၆ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။
ဇူလိုင်လ ၂ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ မင်းသား Tom Holland ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ဒေါ်လာ ၉၁ သန်းကျော်နဲ့ စတင်တာထွက်ခဲ့ပြီးတဲ့နောက် ၆ ရက်စာ ပေါင်းရင်တော့ ဒေါ်လာ ၁၈၅ သန်းအထိ ရှိလာခဲ့ပါတယ်။ ဒါကတော့ Sony ရဲ့ အဆိုအရ ဒေါ်လာ ၁၂၅ သန်းလောက်ပဲ စစချင်းရမယ်လို့ မှန်းထားခဲ့တာကြောင့် မှန်းထားတာထက်ပိုပြီး ရရှိခဲ့တယ်လို့ ဆိုနိုင်မှာပါ။
ဒါဟာ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ စတူဒီယို အတွက်သာမက ရုပ်ရှင်လုပ်ငန်း တခုလုံးအတွက် သတင်းကောင်းလည်း ဖြစ်ပါတယ်။ ပြည်တွင်း ရုံဝင်ငွေစာရင်းမှာ မကြာသေးခင် သီတင်းပတ်တွေက ရုံတင်ခဲ့တဲ့ “Men In Black: International”၊ “Dark Phoenix” နဲ့ “Toy Story 4” ရုပ်ရှင်တွေက တာထွက်ကောင်းခဲ့တာတော့ မဟုတ်ပါဘူး။
အခုလိုမျိုး “Far From Home” ရုပ်ရှင်ရဲ့ ဝင်ငွေကောင်းမွန်မှုကို ကြည့်မယ်ဆိုရင် ဒါဟာ ပရိသတ်တွေ အနေနဲ့ ရုပ်ရှင်ကောင်းတွေ၊ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို မျှော်လင့်နေကြတယ်ဆိုတဲ့ သက်သေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“Avengers: Endgame” ရုပ်ရှင်ပြီးတဲ့နောက် Far From Home” ရုပ်ရှင်ဟာ ဝေဖန်ရေး ဝက်ဘ်ဆိုက် Rotten Tomatoes မှာ ၉၁ ရာခိုင်နှုန်း အကောင်းမြင်ခံခဲ့ရပါတယ်။ ဒါရိုက်တာ Jon Watts ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ CinemaScore မှာတော့ “A” အဆင့် သတ်မှတ်ခံထားရပါတယ်။
Disney-Pixar ရဲ့ “Toy Story 4” ရုပ်ရှင်ကတော့ ပထမနေရာမှာ နှစ်ပတ် ဆက်တိုက် ရပ်တည်ခဲ့ပြီးတဲ့နောက် အခုတော့ ဒုတိယနေရာကို ဆင်းပေးသွားရပြီ ဖြစ်ပါတယ်။ မြောက်အမေရိက ပြည်တွင်းမှာ ဝင်ငွေ ဒေါ်လာ ၃၄ ဒဿမ ၃ သန်း ရရှိခဲ့ပါတယ်။ The Beatles အခြေခံ အချစ်ဟာသဇာတ်မြူးရုပ်ရှင် “Yesterday” ရုပ်ရှင်ကတော့ ခန့်မှန်းချေ ဝင်ငွေ ဒေါ်လာ ၁၀ ဒဿမ ၈ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
“Annabelle Comes Home” ရုပ်ရှင်ကတော့ ဒေါ်လာ ၉ ဒဿမ ၈ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ “Aladdin” ရုပ်ရှင်ကတော့ ဒေါ်လာ ၇ ဒဿမ ၆ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေခဲ့ပါတယ်။
Ref: aceshowbiz
You May Also Like These Stories:
တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း စံချိန်တင်နိုင်ခဲ့တဲ့ “Spider-Man: Far From Home”
နောက်တကား ရိုက်ဖို့ သေချာနေတဲ့ “Spider-Man: Into The Spider-Verse”