မကြာသေးခင် လပိုင်းအတွင်းမှာ သီလရှင် ဝတ်ထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ ဆံပင်အတု တပ်ရတာ မကြိုက်တဲ့အတွက် ခေါင်းတုံး ဆံပင်ပေါက်နဲ့သာ ပွဲတွေ တက်ဖြစ်တယ်လို့ ပြောပါတယ်။
“ဆံပင်တုစွပ်ရင် ခေါင်းပူတာ၊ ခေါင်းကျပ်တာ မခံနိုင်ဘူး။ နဂိုတည်းက ခေါင်းစည်းထားရင် ကြာကြာ မစည်းနိုင်ဘူး။ ဘီးကုပ်တို့ ဘာတို့ ကြာကြာ မတပ်နိုင်ဘူး။ ဒီခေါင်းတုံးဆံပင်ပေါက်ကို နည်းနည်း တိုတုန်းက ဆံပင်တု တပ်ရတယ်။ နည်းနည်း ရှည်လာပြီ။ လွှတ်လို့ရပြီဆိုတာနဲ့ ခေါင်းတုံးနဲ့ပဲ ပွဲတက်တော့တယ်။ အရင်ကတည်းက ဆံပင်တိုနဲ့ နေလာတာဆိုတော့ ဆံပင်ရှည်ကို လုံးဝ သည်းမခံနိုင်ဘူး။ အမှန်တော့ ဒီနေ့ ဆံပင်တုလေး စွပ်မလို့ပဲ မေဦးက ဒီတိုင်းလေးက ပိုလိုက်တယ် ဆိုတာနဲ့ ဝမ်းသာအားရနဲ့ ပွဲတက်လာတာ” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
ယခင်ကလည်း ဆံပင်အတို ထားရတာကို ကြိုက်တဲ့သူတယောက်ဖြစ်တာကြောင့် အခု ခေါင်းတုံးဆံပင်ပေါက်က ထူးခြားမှု သိပ်မရှိဘဲ ဆံပင်အတို ညှပ်ထားသလိုပဲ ဖြစ်နေတယ်လို့ ပြောပါတယ်။
“အရင်တုန်းက ဆံပင်ရှည်ထားတယ်။ နောက်ပိုင်း အတိုထားပြီးကတည်းက နေ့တိုင်းလည်း ခေါင်းလျှော်ဖြစ်တယ်။ Dryer မှုတ်ရတာကအစ အရမ်းလွယ်တယ်။ လွတ်လပ်တယ်လို့ ထင်တယ်။ အရင်ဆံပင်နဲ့လည်းသိပ်မကွာဘူးလေ။ ခေါင်းတုံး ဆံပင်ပေါက်သာ ဆိုတယ်၊ ဆံပင်အတို ညှပ်ထားသလိုပဲ ကိုယ့်စိတ်က ထင်နေတာ”
“အပြင်သွားလည်း ဆံပင်တု မတပ်ဘူး။ ဒီတိုင်းပဲ သွားတယ်။ ယုံကြည်မှုလည်း ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်မှ မယုံကြည်ရင် ဘယ်သူက ကိုယ့်ကို ယုံကြည်မှာလဲ”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လည်း တခြားသူများပိန်တယ်လို့ ပြောတာကြောင့် ၁ လလောက် အစားများများစားခဲ့တာကြောက့် အရမ်းဝလာပြီး ဝိတ်ပြန်ချနေရတယ်လို့ သိရပါတယ်။
“ဝိုင်းစု အိမ်ပြင်တုန်းက ဖုန်တွေရှူ၊ ဘာတွေရှူနဲ့ ပင်ပန်းပြီး ပိန်သွားတယ်။ အားလုံးက ပိန်တယ်လို့ ဝိုင်းပြောတော့ မဖြစ်သေးဘူး။ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတယ်။ ဝိုင်းစုက အစား မက်တယ်။ တနေ့ကို ၆ နပ်စားတယ်။ Ensure ၃ ဘူး သောက်တယ်။ ဝ ချင်လို့။ အဲဒါကို ၁ လလောက် လုပ်လိုက်တာ အရမ်း ဝလာတယ်။ အဲဒါကို အစားက မရပ်နိုင်ဘူး။ အခု ပြန်ရပ်ပြီးတော့ ပြန်ချနေရတယ်။ ဝိတ်ချဖို့တော့ လွယ်တယ်။ မစားဘဲ မနေဘူး။ စားနေလို့ ဝနေတာ” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
သူကိုယ်တိုင်ကတော့ ပိန်တာကိုကြိုက်ပြီး ပိန်ရင် ဘာဝတ်ဝတ် အဆင်ပြေပြီး ဝရင်တော့ ခန္ဓာကိုယ်က လေးလာတယ်လို့ ပြောပါတယ်။
“အမှန်တော့ ပိန်တာကို အရမ်းကြိုက်တယ်။ ဘယ်လောက် ပိန်တယ်ပဲ ပြောပြော ဝိုင်းစုကြိုက်တယ်။ ပိန်တာက ဘာဝတ်ဝတ် ရတယ်လေ။ ဝတဲ့အခါကျရင် ဝတ်ရတာက မကောင်းဘူး၊ လေးတယ်။ ဝိုင်းစုအဲ ဒါကို မကြိုက်ဘူး။ ဒါပေမယ့် ဝိုင်းစု ခန္ဓာကိုယ်တိုင်းရင် ဒီလောက်ပဲ။ ဒါပေမယ့် ဝတယ်လို့ ထင်တယ်။ ပိန်နေရင်လည်း ဝတယ်ပဲ ထင်တယ်။ အခု နည်းနည်းပြည့်လာတာကို မကြိုက်ဘူး။ ပြန်ချနေတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းကတော့ သူ့ရဲ့နောက်ထပ် တကိုယ်တော်အခွေအတွက် သီချင်းများ သွင်းနေပြီး ၁၀ လပိုင်း၊ ၁၁ လပိုင်းလောက်မှာ ထွက်ဖို့ ရှိတယ်လို့ သိရပါတယ်။