မေလအတွင်းက နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ အသက်၂ နှစ်နဲ့ ၁၁ လအရွယ် မိန်းကလေးငယ်အား လိင်အကြမ်းဖက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇော်ဇော်အောင်က အမှုအမှန်ကို အမြန်ဆုံး ပေါ်စေချင်ကာ အမှုမှန် မြန်မြန်ပေါ်မှ အများပြည်သူလည်း စိတ်ချမ်းသာရမယ်လို့ ပြောပါတယ်။
“အမှုအမှန်အတိုင်း ပေါ်စေချင်တယ်။ ထိန်ချန်တာတွေ၊ သက်သေက သတ္တိ မရှိဘဲ မထွက်ဆိုတာတွေကို ပြည်သူတွေက အားမလို အားမရ ဖြစ်တယ်။ ကျနော်တို့လည်း အဲ့လိုဖြစ်ပါတယ်။ ဒီအမှုကြီးလည်း မြန်မြန်ပေါ်ပေါက်ပြီး မြန်မာပြည်ကြီးလည်း အေးချမ်းပြီး ပြည်သူလူထုအားလုံးလည်း စိတ်နှလုံး ရွှင်ပြသွားမယ် ထင်ပါတယ်” လို့ သရုပ်ဆောင် ဇော်ဇော်အောင်က ပြောပါတယ်။
အဆိုပါ အမှုမှန် ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံရှိ မြို့ကြီးတော်တော်များများမှာ ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိပြီး ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ အနုပညာရှင်တယောက်အနေနဲ့ ပူးပေါင်း ပါဝင်ခဲ့တဲ့ ဇော်ဇော်အောင်က ကလေးငယ်ရဲ့မိဘတွေကို ဇွဲမလျှော့ဖို့ ပြောပါတယ်။
“အရမ်း သနားစရာကောင်းတဲ့ မိဘတွေပါ။ သူတို့အခြေအနေတွေကတော့ ဘေးကျပ်နံကျပ်တွေပါ။ အဘက်ဘက်က အခက်အခဲတွေ ဖြစ်နေတယ်။ ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်”လို့ ဇော်ဇော်အောင်က ဆိုပါတယ်။
ဗစ်တိုးရီးယားလို့ လူမှုကွန်ရက်မှာ နာမည်ပေးထားတဲ့ အဲဒီ ကလေးငယ်အတွက် ဆန္ဒပြပွဲကို ဇူလိုင်လ ၆ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး ဇော်ဇော်အောင် အပါအဝင် တခြားသော အနုပညာရှင်များစွာလည်း ပါဝင်ခဲ့ပါတယ်။
“ဗစ်တိုးရီးယားကိစ္စကတော့ Facebook မှာလည်း အများပြည်သူတွေက ထောက်ပြတဲ့အချက်တွေ ခံစားမှုတွေ ဘာတွေနဲ့ ဆိုတော့ ကျနော်တို့လည်း ပြည်သူတွေဆန္ဒနဲ့ ထပ်တူ သွားရောက် ဝန်းရံ ဖြစ်တာပါ။ ဆန္ဒပြတဲ့နေရာမှာ အားလုံးက စည်းကမ်းတကျနဲ့ သွားကြတယ်။ သူတို့ပေးထားတဲ့ စာရွက်လေးတွေ အတိုင်းပဲ အော်ကြတယ်။ CID အရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြပြီး ပြန်လာခဲ့ကြတယ်။ အခုကတော့ ရန်ကုန်ပေါ့။ ပြီးရင် မန္တလေး၊ တောင်ကြီး၊ နေပြည်တော် တနိုင်ငံလုံး ပြန့်သွားရင်တော့ အကျိုးအများကြီး ရှိလာမှာပါ” လို့ဇော်ဇော်အောင်က ပြောပါတယ်။
ရန်ကုန် အပါအဝင် တခြားသော မြို့ကြီးများမှာလည်း ပြုလုပ်မယ့် အဆိုပါ ဆန္ဒပြများကို ဇော်ဇော်အောင်က တခြားမြို့များသို့ သွားရောက်ဖို့ အခက်အခဲရှိတာကြောင့် ရန်ကုန်မြို့မှာသာ သွားရောက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
“တခြားမြို့တွေကို သွားရောက် ဝန်းရံဖို့အတွက်ကျတော့ အခက်အခဲလေးတွေ ရှိတာပေါ့လေ။ လမ်းစရိတ်တို့ ဟိုမှာ တည်းခိုဖို့၊ စားစရိတ်တို့ရှိတော့ ဒီရက်ပိုင်းမှာလည်း ကျနော်တို့ ဇာတ်ပို့ ဇာတ်ရံတွေကလည်း အဆင်မပြေတာတွေ များတဲ့အတွက် အခြေအနေကို စောင့်ကြည့်ပါဦးမယ်”လို့ ဇော်ဇော်အောင်က ပြောပါတယ်။
သရုပ်ဆောင် ဇော်ဇော်အောင်ကတော့ ဇာတ်ပို့ သရုပ်ဆောင် တယောက်အနေနဲ့ အချိန်ကာလကြာမြင့်စွာ အနုပညာလောကမှာ ရပ်တည်နေသူ တယောက်ဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
You May Also Like These Stories:
Wisdom Hill အမှု အပေါ် သူတို့ အမြင်
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ပူးပေါင်းမည်ဟု Wisdom Hill ကျောင်းကတိပြု