သရုပ်ဆောင် အကယ်ဒမီ နေတိုးက လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ပညာပေး အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတယ်လို့ ပြောပါတယ်။
“Box No.88 ဇာတ်ကားက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီးတော့ သက်ငယ်မုဒိမ်း ပညာပေးအနေနဲ့ ရိုက်ထားပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ဆက်နွယ်နေတာတွေလည်း ပါတယ်။ ဇာတ်လမ်းရဲ့ တည်ဆောက်မှုပုံစံနဲ့ တင်ပြတဲ့အပိုင်းကတော့ ပရိသတ်ဆီကို ပြည့်ပြည့်စုံစုံနဲ့ ရောက်လာမှာပါ။ သက်ငယ်မုဒိမ်းမှုနဲ့ လူကုန်ကူးမှု ပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်”
“ကျနော့် အနေနဲ့ သက်ငယ် မုဒိမ်းမှုအပေါ် အမြင်ကတော့ ကျနော်ရိုက်တဲ့ ဇာတ်ကားတွေမှာလည်း အမြဲတမ်း Message ကောင်းကောင်းလေးတွေ၊ အသိပညာနဲ့ ဗဟုသုတ ရစရာ အကြောင်းအရာတွေ၊ တွေးတောဆင်ခြင်နိုင်မယ့် အကြောင်းအရာတွေလည်း ပါပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်ရှိတဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ အသိပေးချင်တဲ့ပုံမျိုး ဇာတ်ကားထဲမှာလည်း ထည့်ထားသလို ဒီဇာတ်ကားလေးက တွန်းအားလည်း ပေးတယ်။ ဘဝ ရှိတဲ့အခါကျတော့ ဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျနော်တို့ တတ်တဲ့အနုပညာနဲ့ အတတ်နိုင်ဆုံး တင်ပြထားတယ်”လို့ နေတိုးက ပြောပါတယ်။
ပုဂံဒေသ အခြေပြု ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ အနုပညာရှင် တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ နေတိုးက မကြာသေးခင်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တဲ့အပေါ် အခုလိုပဲ ပြောပါတယ်။
“ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တော့ အရမ်းဝမ်းသာပါတယ်။ ပုဂံမြို့ဟောင်းက ကျနော် အမြဲ နေထိုင်ပါဆိုရင်တောင် နေထိုင်ချင်တဲ့မြို့ ဖြစ်တဲ့အတွက် အခုလို ကမ္ဘာ့အသိအမှတ်ပြုတဲ့ အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ ရှေးဟောင်းကို ထိန်းသိမ်း ပြုပြင်တဲ့ ပုံစံမျိုးတော့ မကြိုက်ဘူး။ ထိန်းသိမ်းတဲ့ ပုံစံမျိုးမှာ အဟောင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့ နည်းစနစ်တွေနဲ့ ကမ္ဘာမှာလည်း ရှေးဟောင်းတွေကို ဘယ်လိုမျိုး ပြင်ဆင်ထိန်းသိမ်းမလဲဆိုတဲ့ နည်းစနစ်တွေလည်း ရှိပါတယ်”
“အဲ့လို နည်းတွေနဲ့ ထိန်းသိမ်းစေချင်တယ်။ ပုဂံကို အရမ်းကြိုက်တယ်၊ နှစ်လည်း နှစ်သက်တယ်။ ပုဂံရောက်ရင် ခံစားမှုက အလိုလိုနေရင်း စိတ်ထဲမှာ ကြည်နူးမှုတွေ ဖြစ်တယ်၊ အင်အားတွေ ဖြစ်တယ်။ ထူးဆန်းတယ်”လို့ နေတိုးက ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် နေတိုးကတော့ “မိုးည အိပ်မက်မြူ”၊ “နက္ခတ်မှားတဲ့ တိုက်ပွဲ”၊ “တာတေကြီး”စတဲ့ ဇာတ်ကားများနဲ့ အကယ်ဒမီဆုများ ရရှိထားသူ ဖြစ်ပါတယ်။ နေတိုး ပါဝင် သရုပ်ဆောင်ထားတဲ့ “နှစ်ပါးသွား Update” ဇာတ်ကားကလည်း မကြာခင် ရုပ်တင် ပြသတော့မှာ ဖြစ်ပါတယ်။
You May Also Like These Stories:
“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး လူတွေ အသိဉာဏ်မဲ့လာတဲ့အတွက် ဝမ်းနည်းမိတယ်”
သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ
“သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ လုပ်ရပ်ဟာ လူ့ပတ်ဝန်းကျင်မှာ ရှိမနေသင့်ဘူး”
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်”လို့ ပြောတဲ့ မအေးသောင်း
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို မြန်မြန်ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးသင့်တယ်”လို့ ဖြိုးငွေစိုး ပြော