အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်တဲ့ K-pop အဖွဲ့ KARD ဟာ အခုလထဲမှာ ဘောလိဝုဒ် အနုပညာကြီးစိုးရာ အိန္ဒိယနိုင်ငံကို သွားရောက်ကာ ပွဲဦးထွက် ဖျော်ဖြေပွဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
နယူးဒေလီမြို့ အခြေစိုက် Pink Box Events ကုမ္ပဏီကနေ စီစဉ်တဲ့ အဲ့ဒီဖျော်ဖြေပွဲနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီက “ကျနော်တို့ဟာ တဖြည်းဖြည်းချင်း စတင်မှုနဲ့ အတူ လွန်ခဲ့တဲ့ ၄ နှစ်က ပေးခဲ့တဲ့ကတိအတိုင်း ကိုရီးယား အနုပညာရေလှိုင်းကို အမိအိန္ဒိယနိုင်ငံဆီ သယ်ဆောင်လာပါပြီ။ ဒီ ဇူလိုင်လမှာ KARD အဖွဲ့ကို လာဖျော်ဖြေမှာပါ” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
“Play Your Kard Right Tour 2019” လို့ နာမည်ပေးထားတဲ့ KARD အဖွဲ့ရဲ့ အိန္ဒိယ နယ်လှည့်ဖျော်ဖြေပွဲဟာ အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ အဲဒီအဖွဲ့ရဲ့ ပထမဆုံး ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဇူလိုင်လ ၁၂ ရက်နေ့မှာ နယူးဒေလီနဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ဂါဝါဟာတီမြို့တို့မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။
အဖွဲ့ဝင် ၄ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ အိန္ဒိယမှာတော့ ပရိသတ်တွေကြား လူကြိုက်များတဲ့ K-pop အဖွဲ့တွေထဲက တဖွဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက အဖွဲ့ဝင် J.Seph က ၂၀၀၈ ခုနှစ်တုန်းက ရုပ်ရှင်ဖြစ်တဲ့ “Rab Ne Bana Di Jodi” ထဲက ဇာတ်ဝင်တေးကို သီဆိုဖျော်ဖြေခဲ့တာကြောင့် ဘောလိဝုဒ်သီချင်းတွေသာ နာမည်ကျော်ကြားတဲ့ အိန္ဒိယက ပရိသတ်တွေကြားမှာ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။
KARD အဖွဲ့ဟာ အိန္ဒိယမှာ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ အခုနောက်ဆုံး ကြေညာလိုက်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ IN2IT နဲ့ VAV အဖွဲ့တို့ဟာလည်း ပြီးခဲ့တဲ့ ၂ လလောက်တုန်းက အိန္ဒိယမှ ဖျော်ဖြေပွဲတွေကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ BM, J.Seph, Somin နဲ့ Jiwoo တို့ပါဝင်တဲ့ KARD အဖွဲ့ဟာ DSP Media လက်အောက်က ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ တရားဝင် စတင် ပွဲဦးထွက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ Kpop အဖွဲ့တွေထဲမှာ ရှားရှားပါးပါး အမျိုးသားနဲ့ အမျိုးသမီးအဖွဲ့တွေကို ပေါင်းစပ်ထားတာကြောင့် ပရိသတ် စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာတော့ “Bomb Bomb” ဆိုတဲ့ သီချင်းကို ဖြန့်ချိထားပါသေးတယ်။
Ref: gulfnews
You May Also Like These Stories:
Coachella ပွဲတော်ကြီးမှာ အောင်မြင်မှု စိုက်ထူနိုင်ခဲ့တဲ့ BlackPink
ထွက်ရှိပြီး အချိန်တိုအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ BlackPink အဖွဲ့ရဲ့ “Kill This Love”