ရော့ခ်ဂီတ သမိုင်းတလျှောက် နာမည်ကျော်ခဲ့တဲ့ ဂီတအဖွဲ့တခုဖြစ်တဲ့ Aerosmith ရဲ့ အဆိုတော်တဦးဖြစ်သူ Steven Tyler ဟာ အနိုင်ကျင့်ခံ၊ အစွန့်ပစ်ခံ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ရည်ရွယ်တည်ဆောက်ထားခဲ့တဲ့ အိမ်တလုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအိမ်ဟာ ဒုတိယမြောက် သူကိုယ်တိုင်ဦးစီး မတည်တဲ့ အိမ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ Tennessee ပြည်နယ်၊ Memphis မြို့မှာ တည်ရှိတာဖြစ်ပါတယ်။
သူ ဖွင့်လှစ်ပေးခဲ့တဲ့ ပထမအိမ်ကတော့ Atlanta မြို့မှာ တည်ရှိတာဖြစ်ပြီး အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် သူ့စိတ်နှလုံးထဲမှာ ကူညီဖို့ အမြဲအသင့်ရှိနေတဲ့ အဆိုတော် တယောက်လည်း ဖြစ်ပါတယ်။
ဒီအစီအစဉ်အားလုံး စတင်ခဲ့ပုံကတော့ Tyler ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အနိုင်ကျင့်ခံရသူတွေ၊ ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာတွေကနေ လျစ်လျူရှုထားခံရတဲ့ အမျိုးသမီးငယ်တွေကို တွေ့မြင်ခဲ့ရပြီးနောက်ပိုင်းမှာ ဆောက်လုပ်ပေးဖို့ စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Tyler ဟာ နိမ့်ပါးသထက် နိမ့်ပါးနေတဲ့ ဘဝတွေကို သူတတ်နိုင်တဲ့ အနေအထားတခုကနေ ကူညီဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။
Tyler ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဘဝတိုင်းကို ပြန်လည်ထူထောင်နိုင်ဖို့ လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရှာဖွေခဲ့တာဖြစ်ပြီး သူစိတ်ကူးထားတဲ့ လုံခြုံမှုအပြည့်နဲ့ နေရာလေးတခု ဖြစ်တည်လာဖို့ လိုအပ်တဲ့ ငွေကြေးပမာဏကို စုဆောင်းခဲ့တာပါ။
သူ ဖွင့်လှစ်ခဲ့တဲ့ အိမ်တွေကို “Janie’s House” လို့ အမည်ပေးထားခဲ့ပြီး Memphis မြို့မှာရှိတဲ့ Youth Villages အဖွဲ့ခေါင်းဆောင်လူငယ်တွေနဲ့ Tyler ကိုယ်တိုင်တွေ့ဆုံကာ Janie’s House အတွက် လှူဒါန်းငွေ ဒေါ်လာ ၄ မီလျံပေးအပ်ခဲ့ပါတယ်။
Youth Villages အဖွဲ့ဟာ ပြည်နယ်ပေါင်း ၂၀ က လူငယ်တွေနဲ့ အဲဒီလူငယ်တွေရဲ့ မိသားစုဝင်တချို့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီအဖွဲ့ကပဲ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို စောင့်ရှောက်ပေးနေတာပါ။
Memphis မြို့မှာရှိတဲ့ Janie’s House မှာတော့ လက်ရှိမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် စုစုပေါင်း ၁၄ ယောက်ခန့်ကို စောင့်ရှောက်ပေးနေတာဖြစ်ပြီး သူတို့ိကိုယ်တိုင် ရပ်တည်နိုင်တဲ့ အချိန်အထိ Janie’s House ကနေ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။
Janie ဆိုတဲ့ နာမည်ဟာ Aerosmith အဖွဲ့ရဲ့ ၁၉၈၉ ခုနှစ်က အကျော်ကြားဆုံး သီချင်းတပုဒ်ဖြစ်တဲ့ “Janie’s Got A Gun” သီချင်းကြောင့် ခေါ်တွင်ခဲ့တာဖြစ်ပြီး အဲဒီသီချင်းကတော့ ငယ်ရွယ်စဉ်ဘဝမှာ ဖခင်ကနေ အနိုင်ကျင့် စော်ကားခံခဲ့ရတဲ့၊ ဆေးစွဲနေတဲ့ ကောင်မလေး တယောက်အကြောင်း ဖွဲ့ဆိုထားတာဖြစ်ကြောင်း Steven Tyler က ပြောပါတယ်။
Janie’s House ကို အခြား အဆိုတော်ပေါင်း ၇၀ ကပါ လိုအပ်တဲ့ပစ္စည်းနဲ့ ကုန်ကျစရိတ်တွေ ထောက်ပံ့ထားတာဖြစ်ပြီး ၈၂ ဧက ကျယ်ဝန်းတဲ့ မြေနေရာတခုအဖြစ် Youth Villages အဖွဲ့ရဲ့ ကူညီမှုနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။
Ref. moon-child.net