Beauty Blogger တယောက်အနေနဲ့ စတင်ခဲ့ပြီး ပရိသတ် ချစ်ခင်မှု ရရှိခဲ့တဲ့ နေခြည်ဦးကတော့ အလှအပအတွက် မိတ်ကပ်များသာ ပြန်လည် မျှဝေခြင်း မဟုတ်ဘဲ သူမရဲ့ Lifestyle၊ ဖက်ရှင်များကိုပါ တွဲဖက်ကာ မျှဝေ လေ့လာနေပြီး ဖက်ရှင်တွေကို အမြဲတမ်း မျက်ခြေမပြတ် လေ့လာဖြစ်တယ်လို့ ပြောပါတယ်။
“ဖက်ရှင်တွေကို လေ့လာရတာ နံပါတ် ၁ က ပိုက်ဆံ အရမ်းကုန်တယ်။ ၂ အချက် ရင်းနှီးမြှုပ်နှံမှု လုပ်ရတယ်။ ၃ အချက် စာအများကြီး ဖတ်ရတယ်။ ၄ အချက် ရှိသမျှ မီဒီယာတွေ၊ ရှိသမျှ ဖက်ရှင် Collection တွေကို လေ့လာရတယ်။ ကိုယ်က ဒီလောက်ထိ လုပ်လာခဲ့ပြီးမှ သြော် ငါတို့ အားပေးခဲ့တဲ့ နေခြည်ဦးက ဒီလောက်ထိ လုပ်လာနိုင်တယ်ဆိုတဲ့ သူတို့ရဲ့ အားကိုလည်း လိုချင်တယ်”လို့ နေခြည်ဦးက ပြောပါတယ်။
ဖက်ရှင်နဲ့ ပတ်သက်ပြီး နည်းနည်း နောက်ကျတာနဲ့ ပရိသတ်က ဝေဖန်ကြတဲ့အတွက် နေခြည်ဦးက အမြဲတမ်း ကြိုးစားရပြီး ပွဲတပွဲ တက်ဖို့အတွက်လည်း အများကြီး ပြင်ဆင်ရတယ်လို့ ဆိုပါတယ်။
“ကိုယ်က အရှေ့ကို သွားလေလေ၊ ပရိသတ်က နောက်က လိုက်လာလေလေ ဖြစ်တဲ့အတွက် နေခြည် နည်းနည်း နောက်ကျတာနဲ့ ပရိသတ်က ဝေဖန်လို့ ရတာပေါ့။ ဒါကြောင့် အမြဲတမ်းတော့ ကြိုးစားရတယ်။ ပင်တော့ ပင်ပန်းတယ်။ ပွဲတပွဲတက်ဖို့ နေခြည်တို့ အများကြီး ပြင်ဆင်ရတယ်။ ဒါပေမဲ့ ပရိသတ်တွေ ကြိုက်တယ်၊ မှတ်မိနေမယ်ဆိုရင်တော့ နေခြည်တို့ လုပ်ရတာ တန်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးကတော့ သူများနဲ့ မတူတဲ့ ဖက်ရှင်မျိုးကို ကြိုက်နှစ်သက်ပြီး ပုံမှန်အားဖြင့် ယောကျာ်းလေးလို ဝတ်ရတာ ကြိုက်တယ်လို့ ဆိုပါတယ်။
“သူများတွေနဲ့ မတူတာကို ကြိုက်တယ်။ ပုံမှန်အားဖြင့်တော့ ယောကျာ်းလို ဝတ်ရတာ ကြိုက်တယ်။ အပြင်သွားရင်တော့ စိတ်ထဲမှာ ရှိတဲ့ Mood ကို ဝတ်ဖြစ်တယ်။ ကြိုတင် ပြင်ဆင်တာ မရှိဘူး။ ကိုယ်ဘာဝတ်ဝတ် ယုံကြည်မှုရှိတယ် ဆိုတဲ့ Mood ကို ထည့်ထားလိုက်တယ်” လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးရဲ့ ဖက်ရှင်များကတော့ အမြဲတမ်း ရှေ့ပြေးတခုလို ဖြစ်ပြီး တဖက်မှာလည်း တချို့သော သူများက နေခြည်ဦးဟာ Rich Kid ဖြစ်တာကြောင့် အများကြီးလုပ်ပြတယ်ဆိုတဲ့ ဝေဖန်မှုများလည်း ရှိနေပါတယ်။
နေခြည်ဦးက ယခုနောက်ပိုင်းမှာ ရုပ်ရှင်ကားများစွာ ရိုက်ကူးထားပြီး သူ ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကား ၂ ကားဟာလည်း ရုံတင်ပြသပြီး ဖြစ်ပါတယ်။ မကြာခင်မှာလည်း ရုံတင်ပြသသွားမယ့် ရုပ်ရှင်ကားများလည်း ရှိနေတယ်လို့ သိရပါတယ်။
You may also like these stories:
“မေမေက နေခြည်ဆိုးသမျှကို သည်းခံပေးတဲ့အတွက် ကျေးဇူးတင်တယ်”
“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်အကြောင်း ပြောပြတဲ့ နေခြည်ဦး
နေတိုးနဲ့ တွဲပြီး သရုပ်ဆောင်ရမှာ အရမ်းရှိန်နေတဲ့ နေခြည်ဦး