သရုပ်ဆောင် ခင်လှိုင်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူလိုက်ရင် လုပ်တဲ့သူတွေ လျော့သွားကာ ပပျောက်သွားမယ်လို့ ခင်လှိုင်က ပြောပါတယ်။
“အမှန်တော့ ဥပဒေ မစိုးမိုးနိုင်ရင် ဖြစ်နေမှာပဲ။ လုယက်မှုတွေ၊ လူသတ်မှုတွေ၊ သက်ငယ်မုဒိမ်းတွေ စသည်အားဖြင့်ပေါ့။ ဥပဒေ ပြင်းပြင်းထန်ထန် အရေးယူလိုက်ရင် လုပ်တဲ့သူတွေ လျော့သွားပြီး ပပျောက်သွားမှာပဲ။ မပြင်းထန်သေးတော့ မကြောက်ဘူး။ ဘာမှ မဖြစ်ပါဘူး ဒါလေး လုပ်တာပဲဆိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်နေကြတယ်။ သူများ တိုင်းပြည်တွေမှာက အပြစ်ကြီးကြီး လုပ်မှ မဟုတ်ဘူး။ အပြစ်သေးသေးလေး လုပ်တာနဲ့ကို သူတို့ဆီမှာ အရေးယူတာ။ ကျနော်တို့ ဆီမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဥပဒေ တင်းကြပ်လိုက်ရင် လူတွေက ကြောက်တတ်လာကြမှာပါ”လို့ ခင်လှိုင်က ပြောပါတယ်။
လတ်တလောမှာလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် အဲ့လို လုပ်တဲ့သူတွေကို သေဒဏ်ပေးဖို့ ကောင်းတယ်လို့ ခင်လှိုင်က ဆိုပါတယ်။
“သက်ငယ်မုဒိမ်းမှုအပေါ် အမြင်ကို ပြောရရင် တော်တော်ကို ဘယ်လိုမှ စဉ်းစားလို့ မရတဲ့၊ လူမဆန်တဲ့ လူတွေပေါ့။ လူမဆန်တဲ့ လုပ်ရပ်ပေါ့။ ကိုယ့်မှာ သားသမီးပဲ ရှိရှိ၊ တူ၊ တူမပဲ ရှိရှိ သူ့မှာ ဒါနဲ့ ပတ်သက်ပြီး နားလည် ခံစားတတ်တာလည်း မဟုတ်ဘူး။ ကိုယ်ကရော ဘယ်လောက်တောင် အဲ့ပေါ်မှာ သာယာနိုင်မှာ မလို့လဲ။ သူကရော ခံစားတတ်မှာ မလို့လဲ။ တော်တော်လည်း အောက်တန်းကျလွန်း အားကြီးတယ်”
“ဒီခေတ်မှာ အရမ်းပေါပါတယ်။ ငွေကြေးနဲ့ ပျော်ပါးရင်လည်း ပျော်ပါးလို့ ရနေတာကြီးကို ဘာဖြစ်လို့များ သူများသားသမီး တဘဝလုံး ပန်းကောင်း အညွှန့် ချိုးပစ်တယ်။ အဲ့လိုလူတွေကို သတ်ပစ်ဖို့ကောင်းတယ်”လို့ ခင်လှိုင်က ဆိုပါတယ်။
အနုပညာသက်တမ်း အနှစ် ၂၀ ကျော် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ခင်လှိုင်ကို ဟာသ သရုပ်ဆောင်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ လူရွှင်တော် အဖြစ်လည်း လုပ်ကိုင်တဲ့ ခင်လှိုင်ဟာ အခုလက်ရှိ အချိန်အထိ ပရိသတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။
You May Also Like These Stories:
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို အရူးထောင် ပို့သင့်တယ်”လို့ အလှမယ် ရွှေအိမ်စည် ပြော
“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး လူတွေ အသိဉာဏ်မဲ့လာတဲ့အတွက် ဝမ်းနည်းမိတယ်”
“သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ လုပ်ရပ်ဟာ လူ့ပတ်ဝန်းကျင်မှာ ရှိမနေသင့်ဘူး”
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်”လို့ ပြောတဲ့ မအေးသောင်း
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို မြန်မြန်ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးသင့်တယ်”လို့ ဖြိုးငွေစိုး ပြော