“ရွှေရွှေ စုံတွဲ”လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အနုပညာရှင်စုံတွဲ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင်ရွှေမှုံရတီတို့ နှစ်ဦးဟာ သူတို့ရဲ့ အနုပညာအလုပ် အသီးသီးမှာ တယောက်နဲ့ တယောက် အကြံဉာဏ်များပေးဖြစ်ပြီး ရွှေမှုံရတီကတော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဝေဖန်ခံရမှုများကို ရွှေထူးအပေါ် ပြောပြဖြစ်တယ်လို့ ဆိုပါတယ်။
“သဲတို့ကျတော့ ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်တာတွေက အသားကျနေပြီ။ ဒူပေနာပေဖြစ်နေပြီ ဆိုတော့ ကိုရွှေထူးကို အဲဒါနဲ့ ပတ်သက်ပြီး အတွေ့အကြုံလေး ပြောပြတာက လွဲပြီးတော့ ကျန်တာတော့ ဘာမှ မရှိပါဘူး။ သူလည်း အနုပညာရှင် တယောက်ပဲလေ”လို့ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးအပေါ် အကြံပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပါတယ်။
အဆိုတော် တယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင် အနေနဲ့ လုပ်ကိုင်နေပြီဖြစ်တဲ့ ရွှေထူးရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး “ဒဏ္ဍာရီမိုး” ရုံတင်မယ့်ရက်နဲ့ ဇနီးဖြစ်သူ ရွှေမှုံရတီ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချာလီဘ” ရုပ်ရှင်ဇာတ်ကားတို့ဟာ တရက်တည်းမှာ တပြိုင်တည်း ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။
“သူနဲ့ ရုံတင်မှာက ၁၁ ရက်နေ့ တရက်တည်းပဲလား မသိဘူး။ သွားအားပေးရမှာပေါ့။ သူ့ကားလေးက ခေါင်းဆောင်အဖြစ် ဒုတိယမြောက်ကားလို့ ပြောလို့ရတယ်။ သွားကြည့်ဖြစ်မှာပါ”လို့ ရွှေမှုံရတီက ပြောပါတယ်။
“ချာလီဘ” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရွှေမှုံရတီက ခပ်ကဲကဲ ကောင်မလေးတယောက်အဖြစ် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ်က နည်းနည်းဝနေခဲ့တယ်လို့ ပြောပါတယ်။
“ကိုမြင့်မြတ်နဲ့ အမှတ်တရတွေကတော့ ထွေထွေထူးထူးတော့ သိပ်မရှိဘူး။ ဒီကားရိုက်နေတုန်းတော့ သဲကိုဝလာတယ်ချည်းပဲ ပြောတာ။ သဲက ဒီကားရိုက်တုန်းက နည်းနည်းပြည့်လာတယ်။ အစပိုင်းကတော့ နည်းနည်း ပိန်တယ်။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ ပြည့်ပြည့်လာတယ်။ ဒါပေမယ့် သိပ်တော့ မသိသာပါဘူး။ ကိုယ့်ဘာသာပဲ သိတာပေါ့”လို့ ရွှေမှုံရတီက ပြောပါတယ်။
ရွှေမှုံရတီကတော့ ဘယ်လို ဇာတ်ရုပ်မျိုးပဲဖြစ်ဖြစ် သူမအတွက် ခက်ခဲမှုရှိပြီး သာမန်လောက်ပဲ မလုပ်ပြချင်တာကြောင့် ခက်ခက်ခဲခဲ ကြိုးစား သရုပ်ဆောင်တယ်လို့ ပြောပါတယ်။
“ဘယ်အရာမှတော့ လွယ်ကူတယ်တော့ မရှိပါဘူး။ ဟာသပဲဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ်၊ ရိုမန့်စ်ပဲဖြစ်ဖြစ်၊ ဘာအရာပဲဖြစ်ဖြစ် သဲအတွက် ခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုရင် ကြိုးစားရတာပေါ့နော်။ ပုံမှန်လေးပဲ လုပ်လိုက်လို့ရပေမယ့် သဲ ခက်ခက်ခဲခဲ ကြိုးစားချင်တယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။
You may also like these stories:
“ဧည့်သည်” ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ် အားမပေးမှာ စိုးရိမ်နေတဲ့ ရွှေထူး
အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ မသိတာရှိရင် ရွှေမှုံရတီကို မေးတယ်လို့ ပြောတဲ့ ရွှေထူး
“အိမ်ထောင်ကျပြီးမှ ပိုချစ်တယ်လို့ ခံစားရတယ်”လို့ ရွှေမှုံရတီ ပြော