Entertainment

ဟာသနဲ့ သရဲကား ကြိုက်သူတွေအတွက် Horror Comedy ရုပ်ရှင် "ခေါ်သံ"

ဟာသနဲ့ သရဲကား ကြိုက်တဲ့ ပရိသတ်တွေအတွက် Horror Comedy ဇာတ်လမ်း အမျိုးအစား ရိုက်ကူးမယ့် “ခေါ်သံ” ရုပ်ရှင် မိတ်ဆက်ပွဲကို ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ M3 Food Center မှာ ပြုလုပ်ခဲ့ပါတယ်။ “ခေါ်သံ” ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်များက အခုလိုပဲ ပြောပါတယ်။

ဒါရိုက်တာ မေဘရဏီ

“ခေါ်သံ” ဇာတ်ကားလေးက သရဲ ဟာသ ကားလေးပါ။ ဒီမှာပါတဲ့ ယောကျာ်လေး ၆ ယောက်ဆို ကာရိုက်တာတွေ မတူအောင် ထည့်ထားတယ်။ ဒီကားလေးက လူတွေရဲ့ စွဲလမ်းတတ်တာတွေရယ်၊ ကိုယ်လုပ်တဲ့ အရာကို တာဝန်ယူစိတ်ရယ် အဲဒါတွေကို အဓိကပြသွားမှာပါ။ ကျမအတွက်တော့ ပထမဆုံး ရုပ်ရှင်ကားပါ။ အဲ့အတွက် အရမ်းလည်း စိတ်လှုပ်ရှားပါတယ်။ အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။ နေရာကတော့ သန်လျင်ဘက်နဲ့ နောင်ချိုမှာ ရိုက်ဖို့ စီစဉ်ထားပါတယ်။

ထွန်းထွန်း

ဒီဇာတ်ကားက ကာရိုက်တာနည်းပြီးတော့ တင်ပြမှုကောင်းတဲ့ ဇာတ်ကားမျိုး မဟုတ်ပေမယ့် သရဲကားဖြစ်တဲ့အတွက် သရုပ်ဆောင်များလေ ပိုမြိုင်လေပေါ့။ ဒါမှ ပရိသတ်ကြည့်တဲ့အခါမှာ ပိုကောင်းနိုင်မယ့် ဇာတ်ကား တကားလို့တော့ ပြောလို့ရတယ်။ ဒီကားမှာတော့ “သုခ” ဆိုတဲ့ နေရာတကာပါတဲ့ ကောင်လေးတယောက်နေရာက သရုပ်ဆောင်မယ်။

ခင်လှိုင်

ကျနော်က ဇာတ်ကားတိုင်းမှာ ဆံပင် စီးရင်စီး၊ မစီးရင် ကတုံး ဆံပင်နဲ့ အတွေ့များတယ်ပေါ့နော်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ ပုံစံတမျိူးလေး လုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါက ရယ်စရာကောင်းပြီးတော့ အူကြောင်ကြောင် ခပ်ပိန်းပိန်း ပုံစံပေ့ါနော်။ အဲဒီလို ကာရိုက်တာ ဖြစ်အောင် လုပ်ရမှာပေါ့နော်။

အိချောပို

ဒီဇာတ်ကားထဲမှာ အိချောက ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် ကောင်မလေး “စံပယ်”ဆိုတဲ့ နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားရဲ့ ထူးခြားချက်က ခရီးတွေ အတူတူ ထွက်ကြတာ ဖြစ်တဲ့အတွက် မင်းသား ၅ ယောက်နဲ့အတူ အမြဲတမ်း ပါနေမယ်။ အဝတ်အစားဆိုရင်လည်း တစုံလောက်နဲ့တောင် သွားရင် သွားမှာပါ။ ပရိသတ် ထင်မထားတဲ့ ကာရိုက်တာလေးကို မြင်ရမှာပါ။

အောင်မြင့်မြတ်

“ဒီဇာတ်ကားထဲမှာတော့ သူငယ်ချင်း ၅ ယောက်ပေါ့နော်။ တယောက်တမျိူးစီ ဆိုးကြတယ်။ အဲဒီ အထဲမှာမှ တယောက်ပေါ့။ ဒါက သရဲကားဆိုပေမယ့် ဟာသလေးတွေလည်း ပါတယ်။ ဒါပေမယ့် ကျနော့် ကာရိုက်တာမှာတော့ ဟာသ မပါသလောက်ပဲ။ အဲဒါကြောင့်လည်း ရိုက်ဖြစ်တာပါ။ ကျနော်က ဟာသအပိုင်းကို အားနည်းတယ်လေ။ အခုကားက ကျတော့ ကိုယ်နဲ့လိုက်တဲ့ ကာရိုက်တာလေးလည်းဖြစ်နေ နောက်စီနီယာအစ်ကိုတွေနဲ့လည်း တွဲဖက်သရုပ်ဆောင်ရမို့ လက်ခံဖြစ်ခဲ့တာပါ”လို့ အောင်မြင့်မြတ်က ပြောပါတယ်။

“ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ မေဘရဏီနဲ့ ဒါရိုက်တာ စိုးမိုးမင်းတို့ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ထွန်းထွန်း၊ ကျော်ကျော်ဗိုလ်၊ ရဲတိုက်၊ ရဲရင့်အောင်၊ အောင်မြင့်မြတ်၊ ခင်လှိုင်၊ ဂျိူကာ၊ အိချောပို၊ မေမြင့်မိုရ်နဲ့ ရွှေအိမ်စည်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

You May Also Like These Stories:

ရေကူးဝတ်စုံ ဝတ်ပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်အကြောင်း ပြောတဲ့ သရုပ်ဆောင် အိချောပို

ဟာသကားရိုက်ရရင် ပျော်တဲ့ သရုပ်ဆောင် အိချောပို

ကိုယ်လုပ်တဲ့ အလုပ်တခုကို ပရိသတ်ရင်ထဲ ကျန်နေခဲ့စေချင်တဲ့ အိချောပို

Loading