ဇူလိုင်လ ၄ ရက်နေ့ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ စတင်ပြီး ပြသခဲ့တဲ့ Stranger Things ဇာတ်လမ်းတွဲဟာ ပြသပြီး ၄ ရက်အတွင်းမှာပဲ ကြည့်ရှုသူ ၄၀ ဒဿမ ၇ မီလီယံနဲ့ ကြည့်ရှုသူ အများဆုံးစံချိန်တင်ခဲ့ပါတယ်။
Netflix ဟာ ကြည့်ရှုသူစာရင်းကို ထုတ်ပြန်လေ့ မရှိပေမယ့် ဒီတခါမှာတော့ ထူးထူးခြားခြား ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ Netflix ရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းဖြစ်ပြီး အပြင်က တရားမဝင်တဲ့ ရုပ်သံတွေမှာလည်း ကြည့်ရှုသူတွေ သန်းနဲ့ ချီပြီး ရှိနေပါသေးတယ်။
နောက်ထပ် ထူးခြားချက် တခုကတော့ Stranger Things Season 3 စတင်ပြသပြီး ၂ ရက်အတွင်းမှာ ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ အပိုင်း ၈ ပိုင်းလုံးကို ကြည့်ရှုပြီးသူ ၁၈ မီလီယံ ကျော်ရှိပြီး ဖြစ်နေတာပါ။ ကျန်တဲ့ သူတွေရဲ့ ၇၀ ရာခိုင်နှုန်းကလည်း ကြည့်ရှုပြီးတော့မှာ ဖြစ်တယ်လို့ စစ်တမ်းတွေ အရ သိရပါတယ်။
ဇာတ်လမ်းတွဲ ထွက်ရှိပြီး တပတ်အတွင်းမှာ အခုလောက် အောင်မြင်မှုရတာဟာ ဝမ်းသာစရာပဲလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
“ကြည့်ရှုသူ နည်းနည်းများများ ကျနော်တို့ အနေနဲ့ နောက်ထပ် Season တခုကို ထပ်ရိုက်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ အခုလို ကြည့်ရှုသူ များတော့လည်း ဝမ်းသာရတာပေါ့။ နောက်ထွက်မယ့် Season ဟာ နောက်ဆုံး ဖြစ်ဖို့ များပါတယ်။ ဒါကို ဇာတ်လမ်းတွဲ ဖန်တီးသူတွေ ဖြစ်တဲ့ Matt နဲ့ Ross Duffer တို့ကလည်း လက်ခံကြတယ်”လို့ Stranger Things ဇာတ်လမ်းတွဲ ထုတ်လုပ်မှု တာဝန်ခံဖြစ်သူ Shawn Levy က ပြောပါတယ်။
Stranger Things ဇာတ်လမ်းတွဲရဲ့ ပထမ Season နဲ့ ဒုတိယ Season တို့ဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ထွက်ရှိထားပြီး ပရိသတ်အားပေးမှုကို အပြည့်အဝ ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ကလေး သရုပ်ဆောင်တွေ ဖြစ်တဲ့ Millie Bobby Brown, Fin Wolfhard, Gaten Matarazzo, Caleb McLaughlin နဲ့ Noah Schnapp တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၈၀ ခုနှစ် ဝန်းကျင်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ချောက်ချားဖွယ် စိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားဖြစ်ပြီး ထွက်ရှိခဲ့တဲ့ ကာလတလျှောက်လုံးမှာ ဆုပေါင်းများစွာကို ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲဆိုရင်လည်းမမှားပါဘူး။ Season ၃ ခုစလုံးဟာ IMDB Rating (9/10)၊ (8.9/10) နဲ့ (9/10) အထိ ရရှိထားတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။
Ref. tvline.com
You may also like these stories:
မင်းသား ရှရွတ်ခန် ပါဝင်မယ့် အထူးအစီအစဉ်ကို Netflix ကနေ ထုတ်လွှင့်မည်
13 Reasons Why တီဗီစီးရီး ကြည့်ရှုပြီး အမေရိကန်လူငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်
Netflix ရုပ်ရှင်များကို အော်စကာဆုမပေးရန် အကြံပြုမည့် Steven Spielberg ၏အစီအစဉ် ဝေဖန်ခံရ
Netflix မှပြသသည့် ရုပ်ရှင်များကို လာမည့်နှစ်မှ စတင်ကာ အော်စကာဆု ရွေးချယ်ပေးအပ်မည်