“ဥပါယ်တံမျဉ်”ရုပ်ရှင်မှာ ဗီလိန် ကာရိုက်တာ သိန်းစိုးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ် အားပေးမှု အထူး ရရှိခဲ့တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ ဗီလိန် ကာရိုက်တာ လာရိုက်ဖို့ ပြောကြပေမယ့် မရိုက်ဖြစ်ဘူးလို့ ပြောပါတယ်။
“ကျနော့်ကို ‘ဥပါယ်တံမျဉ်’ ပြီးကတည်းက ကမ်းလှမ်းတဲ့ ဇာတ်ရုပ်တွေကတော့ အများကြီးပဲ။ ဗီလိန်က ပိုများတယ်။ မရိုက်ဖြစ်တာတွေ အများကြီးပါ။ ကျနော်နဲ့ အဆင်မပြေတာတွေ၊ ကျနော်လုပ်ဖို့ ယုံကြည်ချက် မရှိတာတွေ၊ ကျနော် မလုပ်နိုင်ဘူး ထင်တာတွေ မလုပ်ဖြစ်ဘူး။ ဗီလိန် ဇာတ်ရုပ်နဲ့ ပရိသတ် သိတယ် ဆိုပေမယ့် အမြဲ အဲ့လို ကာရိုက်တာ မလုပ်ချင်ဘူးလေနော်။ ဒါပေမဲ့ ဗီလိန် ကာရိုက်တာ ရိုက်ချင်တဲ့အချိန် ပေါ်လာရင်တော့ ပြန်ရိုက်မှာပါ”လို့ အောင်မြင့်မြတ်က ပြောပါတယ်။
ဆက်လက်ပြီး အောင်မြင့်မြတ်က Golden Hour ရုပ်ရှင် ထုတ်လုပ်ရေးနဲ့အတူ စာရေးဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ ပါဝင်မယ့်အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“မင်းသိင်္ခ ဝတ္ထုကို ရိုက်မယ့်ကားက Pre သဘော Metting တွေ ခဏ ခဏ လုပ်နေရတယ်။ နောက်နှစ်ဆန်းပိုင်းလောက်တော့ ရိုက်ဖြစ်မယ် ထင်တယ်။ တော်တော်တော့ ပြင်ဆင်နေကြတယ်။ ဇာတ်ညွှန်းတော့ စခွဲနေပြီ၊ ၈ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကား ၁ ကား ရှိတယ်။ အဲ့ကားမှာ ကျနော် ခေါင်းဆောင်နေရာက ရိုက်ရမှာ။ ကျနော့်ကို သိန်းစိုးလို့ပဲ မြင်နေကြတော့ နောက်ကားတွေမှာ ကာရိုက်တာ အပြောင်းအလဲတွေ ဖြစ်သွားမှာပါ”လို့ အောင်မြင့်မြတ်က ဆိုပါတယ်။
အောင်မြင့်မြတ်ကတော့ သူ ခံယူထားတဲ့ အနုပညာရှင် တယောက်ဆိုတာ ကာရိုက်တာပေါင်းစုံ လုပ်တတ်စရာ မလိုဘူးလို့လည်း ပြောပါတယ်။
“အနုပညာရှင် တယောက်က ကာရိုက်တာပေါင်းစုံ လုပ်တတ်စရာ မလိုဘူး။ သူ့မှာလည်း သူ အားသန်တာ ရှိမယ်၊ သူ သွားချင်တဲ့လိုင်း ရှိမယ်။ လူတယောက်က အများကြီး မလုပ်နိုင်ဘူး။ အများကြီး လုပ်နိုင်တဲ့သူ ရှိတယ်။ ဒါပေမဲ့ ရှားတယ်။ သူတို့တွေကလည်း ငါ အများကြီး လုပ်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူး။ လုပ်ရင်း လုပ်ရင်း သူ့ခံယူချက်နဲ့ အနုပညာ အားကောင်းမှုနဲ့ တဖြည်းဖြည်း အများကြီး ဖြစ်သွားတာ”
“ကိုနေတိုးဆိုရင် ဘက်ပေါင်းစုံ လုပ်နိုင်တယ်။ ကျနော် ကိုယ်တိုင်လည်း အများကြီး လုပ်မယ်လို့ မစဉ်းစားဖြစ်ဘူး။ တချိန်ကျရင် အသက်အရွယ် အပိုင်းအခြား တခုအရ၊ အတွေ့အကြုံအရ ရိုက်ချင်တာလည်း ရှိရင် ရှိမှာပေါ့”လို့ အောင်မြင့်မြတ်က ပြောပါတယ်။
သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားမှာ သိန်းစိုးအဖြစ် ဗီလိန် နေရာက သရုပ်ဆောင်ခဲ့ပြီး “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” နေရာ အကယ်ဒမီ ဆန်ခါတင်စာရင်း ဝင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ် အကယ်ဒမီ ပေးပွဲမှာတော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ပါတယ်။
You may also like these stories:
“နာရီ ၁၁၀ က စစ်ကား မဟုတ်ပါဘူး”လို့ အောင်မြင့်မြတ် ပြော
ဟောင်ကောင်မင်းသား Louis Koo နဲ့ တွဲသရုပ်ဆောင်ရတဲ့ ခံစားချက်ပြောပြတဲ့ အောင်မြင့်မြတ်
“နောက် ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာရုပ်ရှင်ကားတွေ အိမ်နီးချင်းနိုင်ငံကို ဈေးကွက်ဝင်ကြမယ်”
“ကျနော်နဲ့ ပြောဆိုလို့ အဆင်ပြေတဲ့သူတွေနဲ့ပဲ အလုပ်တွဲလုပ်နေတယ်” ဆိုတဲ့ အောင်မြင့်မြတ်