ပရိသတ်တွေက ချစ်စနိုးနဲ့ “စူစူ”လို့ ခေါ်ကြတဲ့ သရုပ်ဆောင် အိချောပိုကတော့ ပရိသတ်အချို့ဟာ သူ့ကို မာနကြီးတယ်လို့ ထင်ကြပြီး တကယ်တော့ မာနကြီးတာ မဟုတ်ဘဲ စကားနည်းတဲ့ အကျင့်ကြောင့်လို့ ပြောပါတယ်။
“အိချောကို ပရိသတ်တွေက မာနကြီးတယ်လို ထင်ကြတယ်။ အမှန်က အဲ့လို မဟုတ်ဘူး။ စကားလည်း နည်းတယ်။ အဓိကက ကိုယ်က စခေါ်တယ်။ အနုပညာလောကက လူတွေဆိုလည်း ကိုယ်က စခေါ်တယ်။ တခါတလေကျတော့လည်း ကိုယ့်ကို ခေါ်ချင်လား မသိ၊ မခေါ်ချင်လား မသိဆိုတဲ့ စိတ်တွေ ဝင်ပြီး ကြောက်နေတယ်။ အမှန်တော့ စူက မချေတတ်ပါဘူး”
“တော်တော်များများက မင်းသမီး မဟုတ်တဲ့ မင်းသမီးလို့ ပြောတယ်။ အစက ဘာပြောမှန်း မသိဘူး။ နောက်ကျတော့မှ မင်းသမီးလို ချေပြီး မနေဘူးဆိုတာကို ပြောချင်ကြတာပေါ့။ စူ ကိုယ်တိုင်က ချေပြီး တချို့ နေရာတွေမှာ နေသင့်ပါတယ်။ စူကတော့ လူတိုင်းကို အကောင်းဆုံးဖြစ်အောင်ပဲ ပေါင်းသင်း ဆက်ဆံပါတယ်” လို့ အိချောပိုက ပြောပါတယ်။
အိချောပိုကတော့ လတ်တလောမှာ Bo Bo Film Production နဲ့အတူ “ခေါ်သံ”ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ဖို့ရှိပြီး ပရိသတ်တွေ မမြင်ဖူးတဲ့ ကာရိုက်တာတွေလည်း သရုပ်ဆောင်ဖို့ ရှိတယ်လို့ ပြောပါတယ်။
“ခေါ်သံ ဇာတ်ကားလေး ရိုက်ဖို့ရှိတယ်။ အဲ့ကားပြီးရင်လည်း ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ထူးထူးဆန်းဆန်း ကာရိုက်တာလေး လာကမ်းလှမ်းထားတယ်။ ရိုက်မယ့်ရက် အတိအကျ သိရရင်လည်း ပြောပြမှာပါ။ အဲ့ ကာရိုက်တာလေးက စူ့အတွက် အရမ်းထူးခြားတယ်။ တကယ့် ဖြစ်ရပ်မှန်ကို ရိုက်တဲ့ ဇာတ်လို့ပြောရမှာပေါ့” လို့ အိချောပိုက ဆိုပါတယ်။
အသားအရေ၊ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးလည်း ထိန်းသိမ်းပြင်ဆင်နေတဲ့ အိချောပိုက အမှားအယွင်း ရှိရင်လည်း နားလည် ဖြည့်စွက်ကြည့်ပေးပါလို့ ပရိသတ်တွေကို ပြောပါတယ်။
“အသားအရေ ကြည်လာလို့ ပြောကြတယ်။ ခေတ်နဲ့ လိုက်အောင်တော့ လုပ်ရတာပေါ့။ မိတ်ကပ်ကို ပါးပါး ကြည်ကြည်လေးတွေ လိမ်းတယ်။ အရင်တုန်းကလည်း သိပ်တာလေးတွေ လိမ်းဖြစ်တာပေါ့။ အဓိကကအသားအရေ ပါးတဲ့အတွက် နယ်တွေသွားရင် အဖုတွေ ထွက်လာတတ်တယ်။ အဲ့အတွက် မထွက်အောင် အစားအသောက်တွေ စားတာလည်း ဆင်ခြင်ရတယ်။ ဖုန်တွေထိရင်လည်း ချက်ချင်း မျက်နှာသစ်ရတယ်”
“ဖက်ရှင်နဲ့ ပတ်သက်ပြီးလည်း ပြင်ဆင်နေရတာပေါ့။ တခါတလေတော့လည်း အမှားအယွင်းတော့ ရှိမှာပေါ့။ အဲ့ဒါကို ပရိသတ် အမြင်မှာ ကိုးလိုးကန့်လန့် ဖြစ်နေရင် အပြောခံရမှာပေါ့။ ကိုးလိုးကန့်လန့် မဖြစ်ရင်တော့ အချစ်ခံရမှာပေါ့။ ပရိသတ်တွေ အတွက်လည် ကြိုးစာနေပါတယ်။ အမှားအယွင်းတွေလည်း ရှိနိုင်ပါတယ်။ အဲ့ကျရင် နားလည် ဖြည့်စွက်ပြီး ကြည့်ပေးကြပါ”လို့ အိချောပိုက ပြောပါတယ်။
သရုပ်ဆောင် အိချောပိုဟာ အနုပညာပျိုးခင်းမှ စင်တင်ပေးခဲ့တဲ့ မင်းသမီး တလက် ဖြစ်ပြီး လက်ရှိမှာ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။ အိချောပိုက ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများမှာလည်း ပါဝင် သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။
You May Also Like These Stories:
ရေကူးဝတ်စုံ ဝတ်ပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်အကြောင်း ပြောတဲ့ သရုပ်ဆောင် အိချောပို
ဟာသကားရိုက်ရရင် ပျော်တဲ့ သရုပ်ဆောင် အိချောပို
ကိုယ်လုပ်တဲ့ အလုပ်တခုကို ပရိသတ်ရင်ထဲ ကျန်နေခဲ့စေချင်တဲ့ အိချောပို