ကမ္ဘာ့နာမည်အကျော်ကြားဆုံး ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ အခုတော့ ဟောလိဝုဒ်ဘက် ကို ခြေဦးလှည့်ဖို့ ကြံဆောင်နေပြီဖြစ်ပါတယ်။
ဘက်ခမ်းရဲ့ အသစ်တည်ထောင်ထားတဲ့ Studio 99 ဟာဆိုရင် မှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်သံအစီအစဉ်တွေနဲ့ အခြားဖျော်ဖြေရေးကဏ္ဍတွေကို ဖန်တီးသွားမှာဖြစ်ပြီး ကုန်ပစ္စည်း ကြော်ငြာရှင်တွေအတွက် ဖန်တီးမှုဆိုင်ရာ အေဂျင်စီတခုအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီ စတူဒီယိုဟာ ဘက်ခမ်းပါဝင်မယ့် မှတ်တမ်းရုပ်ရှင်အစီအစဉ်တွေ အပါအဝင် အားကစား၊ ဖက်ရှင်နဲ့ ခရီးသွားအစီအစဉ်တွေကို စတင်ဖန်တီးနေပြီလို့ သိရပါတယ်။
အင်္ဂလန်အသင်းကပ္ပတိန်ဟောင်း ဘက်ခမ်းဟာ NBA စူပါစတား LeBron James နဲ့ Stephen Curry ၊ NFL စတား Russell Wilson နဲ့ New York Yankee အသင်းသားဟောင်း Derek Jeter တို့လိုပဲ မီဒီယာတွေ ထောင်လာကြတဲ့ အားကစားသမားတွေရဲ့ ခြေရာအတိုင်းလိုက်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
လောလောဆယ်တော့ Studio 99 ဟာ LeBron James နဲ့ စီးပွားရေးမိတ်ဖက် Maverick Carter တို့ ပူးတွဲ ထူထောင်ထားတဲ့ မီဒီယာကုမ္ပဏီ Uninterrupted နဲ့လည်း လုပ်ငန်းတွေ လုပ်ဆောင်ဖို့ သဘောတူညီချက် ရယူထားပါတယ်။
အဲ့ဒီသဘောတူညီချက်အောက်မှာ ကုမ္ပဏီတွေဟာ ၂၀၂၀ ပြည့်နှစ်၊ နွေဦးကာလမှာ စတင်ပြသဖို့ ရည်ရွယ်ထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ပူးတွဲ ထုတ်လုပ်သွားကြမှာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကြာ အားကစားလောကမှာ ကျင်လည်ခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ ပရောဖက်ရှင်နယ် ဘောလုံးသမားအဖြစ်ကနေ အနားယူခဲ့ပြီးတော့ ကိုယ်ပိုင်လွတ်လပ်တဲ့ စီမံခန့်ခွဲရေး ကုမ္ပဏီတခုကို ထူထောင်ခဲ့ပါတယ်။
အခုလိုမျိုး ကုမ္ပဏီရဲ့ ပရောဂျက်တွေမှာ မိတ်ဖက်တွေနဲ့ ပေါင်းစပ်ပြီး အချက်အလက်တွေ ဖန်တီးထုတ်လုပ်သွားမှာ ဖြစ်တဲ့အပြင် ဒါဟာလည်း စတူဒီယိုအတွက် သဘာဝကျတဲ့ ခြေလှမ်းသစ်တရပ် ဖြစ်တယ်လို့ ကြေညာချက်တခုမှာ ဘက်ခမ်းက ပြောဆိုထားပါတယ်။
လတ်တလောမှာတော့ Studio 99 ဟာ ကိုယ်စားလှယ်အနေနဲ့ WME ကုမ္ပဏီကို လွှဲအပ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဘက်ခမ်း၊ သူ့ရဲ့ စီးပွားရေးအဖွဲ့နဲ့အတူ စတူဒီယိုရဲ့ ကနဦးဖန်တီးထုတ်လုပ်မှုတွေ နဲ့ ပူးတွဲထုတ်လုပ်မှုတွေကို ပရိသတ်တွေဆီချပြဖို့ ကမ္ဘာလုံးဆိုင်ရာ ရုပ်သံ ပလက်ဖောင်းတွေ၊ မီဒီယာ မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Ref. Variety
You may also like these stories:
ကားမောင်းရင်း ဖုန်းသုံးခဲ့တဲ့အတွက် ယာဉ်မောင်းခွင့် ၆ လ အပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း
အိမ်ထောင်ရေးပြိုကွဲတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း
ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးဟာ ခက်ခဲတဲ့ အလုပ်တခုဖြစ်ကြောင်း ဒေးဗစ်ဘက်ခမ်း ဝန်ခံ