Entertainment

ဒွေးကွယ်လွန်ခြင်း ၁၂ နှစ်ပြည့်အတွက် အနုပညာရှင်များရဲ့ လွမ်းဆွတ်စကားများ

Want create site? Find Free WordPress Themes and plugins.

ယနေ့ ဇူလိုင် ၁၁ ရက်နေ့ဟာ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခြင်း ၁၂ နှစ်တိတိ ပြည့်တဲ့နေ့ပါ။ လူသေသွားပေမယ့် နာမည်အခုထိ မသေသေးတဲ့ ဒွေးကို ပရိသတ်တွေ ယနေ့ထိတိုင် လွမ်းဆွတ် သတိရနေကြတုန်းပါ။

ဒွေးဟာ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာ ရရှိခဲ့တဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး အခုထက်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ စိုးမိုးထားနိုင်ဆဲ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ ဒွေး ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ် လွမ်းဆွတ် စကားများကို ဒွေးရဲ့တပည့်တဦးဖြစ်ခဲ့တဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ ရီဝေယံတို့က အခုလိုပဲ ဆိုထားကြပါတယ်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)

ပရိသတ်ကို ကျေးဇူးတင်တယ်။ အစ်ကို ကွယ်လွန်တာ ၁၂ နှစ် ရှိပါပြီ၊ ဒါပေမယ့် ဒီရက်နီးလာရင် ဘယ်တော့မှ မမေ့ဘူး။ ကိုသားကြီးပုံတွေ၊ သီချင်းတွေ တင်တယ်။ ပရိသတ်က ကိုသားကြီးပေါ်ထားတဲ့ မေတ္တာက တန်ဖိုး အရမ်းကြီးတယ်။ သူရဲ့ တပည့်၊ သားသမီးဖြစ်တဲ့ ကျနော်တို့က ကိုသားကြီးကိုယ်စား ပရိသတ်ကို ကျေးဇူးတင်ရမှာပါ။

ပရိသတ် ကျေးဇူးဆပ်လို့လည်း ကုန်မှာ မဟုတ်ပါဘူး။ အစ်ကို့အတွက်လည်း ကျနော် တတ်နိုင်သလောက်နှစ်တိုင်း အလှူလေး လုပ်တယ်။ ကျနော့်အိမ်မှာ ကိုးကွယ်ထားတာတော့ တပိုင်းပေါ့နော်။ နှစ်တိုင်းတော့ တတ်နိုင်တဲ့ အလှူလေးလုပ်ပါတယ်။ မမိုးဆီတော့ မသွားဖြစ်ဘူး။ ချောက်မြို့မှာ ရေကန်ဆောက်မယ်ဆိုလို့ အလှူငွေတော့ ကျနော် လှမ်းထည့်လိုက်တယ်။

ထွန်းအိန္ဒြာဗို

ကိုသားကြီးနဲ့ ကားတွေ အများကြီး ရိုက်ဖူးတယ်။ အလုပ်ကို ကြိုးစားတဲ့သူ တယောက်၊ နောက်ပိုင်း သိပ်မဆုံဖြစ်ဘူး။ သူက ခံစားမှု အားကောင်းတယ်။ သူခံစားရသလောက် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ သရုပ်ဆောင်ကောင်း တယောက်ပါ။ အဲ့ဒါကြောင့်မို့ ပရိသတ်က မမေ့တာလို့ ကျမ ယုံကြည်တယ်။ ပရိသတ်တွေက သူ့ကို ချစ်ခင်မြတ်နိုးတဲ့ အတွက် ဒီနေ့အထိ မမေ့နိုင်ကြတာပါ။ ကျမတို့လည်း သတိရပါတယ်။

ရီဝေယံ

“ကိုသားကြီးနဲ့ ရိုက်ခဲ့တဲ့ ကားတွေရှိ တယ်။ သူ့အိုက်တင်က လူတွေ ရင်ဘက်ကို ထိအောင် သရုပ်ဆောင်နိုင်တာပေါ့။ ပရိသတ်တွေကို ကြိုက်အောင်လုပ်တာထက် အတွင်းစိတ်မှာ ရှိတာကို ဖော်ထုတ်နိုင်တာတွေက ပရိသတ် ကြိုက်စေခဲ့တာပေါ့။ ကိုသားကြီးက ထူးချွန်တယ်။ အသက်အရွယ် ငယ်ငယ်မှာ ဆုံးသွားတာတော့ တော်တော် နှမျောစရာ ကောင်းတယ်။ အခုချိန်လည်း စိတ်မကောင်းဖြစ်ရတယ်”လို့ ရီဝေယံက ဆိုပါတယ်။

သရုပ်ဆောင် ဒွေးဟာ ဦးကျော်ဟိန်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “ဒုက္ခကို အရောင်ဆိုးထားတယ်” မူးယစ်ဆေးဝါး ပညာပေး ဗီဒီယိုကားနဲ့ စပြီး ပရိသတ်တွေ စသိခဲ့ပြီး “ဝေလည်းမွှေး၊ ကြွေလည်း မွှေး” ရုပ်ရှင်ကားမှ စပြီး ပရိသတ်တွေကြားမှာ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒွေးဟာ ၁၉၉၇ ခုနှစ်မှာ “အမေ့ခြေရာ”ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

You May Also Like These Stories: 

လူသေသွားပေမယ့် နာမည်ရှင်သန်နေဆဲ “ဒွေး” (ခ) ကိုသားကြီး

ဒွေးနဲ့ ကျော်ဟိန်းတို့ မရိုက်ဖြစ်ခဲ့တဲ့ “ငါတို့သည်” ရုပ်ရှင်မှာ ပါဝင်ရလို့ ဂုဏ်ယူနေတဲ့ ထွန်းကိုကို

ဦးရဲလွင်နဲ့ ဒွေးတို့အတွက် ဝမ်းနည်းနေတဲ့ အဆိုတော် ကော်နီ

Did you find apk for android? You can find new Free Android Games and apps.
Loading