Disney ကနေ မကြာခင် ဖြန့်ချိတော့မယ့် “The Lion King” ရုပ်ရှင်အထူးပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့ပြီး အဲဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ရှုပြီးတဲ့ ပရိသတ်တွေရဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ မှတ်ချက်စကားတွေ အွန်လိုင်းပေါ်မှာ နေရာယူနေတာ တွေ့ရပါတယ်။
ရုပ်ရှင် ဝေဖန်သူတွေကတော့ ဒါရိုက်တာ Jon Favreau ရဲ့ ရုပ်ရှင်ကို ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးခဲ့ကြပြီး ဝင်ငွေကောင်းမယ့် ရုပ်ရှင်ကားတကား ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။
SlashFilm ရဲ့ Peter Sciretta က “Lion King ရုပ်ရှင်ဟာ Visual ပိုင်းဆိုင်ရာမှာ အသက်ရှူ မှားလောက်တဲ့ အောင်မြင်မှုမျိုး ရခဲ့ပါတယ်။ ဒါဟာ CG အန်နီမေးရှင်း ရုပ်ရှင်လို့တောင် မယုံနိုင်ပါဘူး။ Timon နဲ့ Pumbaa ဇာတ်ကောင်တွေက ဇာတ်လမ်း တခုလုံးကို သယ်သွားပါတယ်။ ဒါဟာ Disney ရဲ့ကောင်းမွန်တဲ့ ပြန်လည် ရိုက်ကူးမှု ဖြစ်ပါတယ်။ မိသားစုတွေ ကြိုက်နှစ်သက် ပျော်ရွှင်ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။
Collider ရဲ့ Steve Weintraub ကတော့ အဲ့ဒါကို သဘောတူပါတယ်။ သူက “ရုပ်ရှင်အထူးပွဲ တော်တော်များများကို တက်ခဲ့ရတာ ကံကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့ညလိုမျိုး The Lion King အတွက် ရုပ်ရှင်ပြသနေချိန်မှာ လက်ခုတ်တီးတာ၊ များပြားတာ မတွေ့ဖူးသေးပါဘူး။ တကယ့်ကို ရော့ခ်ဖျော်ဖြေပွဲနဲ့ တူပါတယ်။ရုပ်ရှင်ဟာ ပိုက်ဆံတွေ ရဦးမှာပါ” လို့ ဆိုပါတယ်။ ရုပ်ရှင်ထဲက အထူးပြုလုပ်ချက်တွေဟာ တကယ့်ကို အံ့သြလောက်ဖွယ် ဖြစ်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။
ရုပ်ရှင်ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ Jon Favreau ကတော့ တခြားလူ မဟုတ်ပါဘူး။ ဒေါ်လာ ၁ ဘီလီယံ ဝင်ငွေရခဲ့တဲ့ “The Jungle Book” ရုပ်ရှင်ဒါရိုက်တာပဲ ဖြစ်ပါတယ်။ “The Lion King” ရုပ်ရှင်မှာတော့ အသံသရုပ်ဆောင်တွေအဖြစ် Donald Glover, Beyonce, Seth Rogen, Billy Eichner နဲ့ John Oliver တို့က ဦးဆောင် ပါဝင်ထားကြပါတယ်။
ဟင်ဒီစကားပြောနဲ့ တင်ဆက်မယ့် ရုပ်ရှင်မှာတော့ မင်းသား ရှရွတ်ခန်က သားဖြစ်သူ Aryan ကို ပွဲထုတ်ထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref: hindustantimes
You May Also Like These Stories:
၂၀၁၉ ခုနှစ်မှာ Disney က ထပ်မံထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားများ
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ