တခေတ်တခါက နာမည်ကြီး အဆိုတော် တယောက်ဖြစ်တဲ့ အဆိုတော် သန်းထွန်းလေးကတော့ သမီးဖြစ်သူ အဆိုတော် ပိုးအိစံနဲ့အတူ သူ မသေခင် Live Show လုပ်ဖို့ စီစဉ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သမီးရယ်၊ ကျနော်ရယ်၊ နောက်ထပ် အဆိုတော် နှစ်ယောက်လောက်တော့ ပါမယ်။ Live Show လုပ်ဦးမှာ။ လုပ်ရင်လည်း အမျိုးသား ကဇာတ်ရုံပဲဖြစ်ဖြစ်၊ MCC ခန်းမပဲဖြစ်ဖြစ် လုပ်မှာပါ။ ကျနော့်မြေးလေး တယောက်လည်း သီချင်းဆိုနေတယ်။ သူ့ကိုလည်း ပံ့ပိုးတဲ့အနေနဲ့ ပွဲတပွဲ လုပ်ဦးမယ်” လို့ အဆိုတော် သန်းထွန်းလေးက ဧရာဝတီကို ပြောပါတယ်။
အဆိုပါပွဲ ဘယ်တော့လုပ်မလဲဆိုတာ မသတ်မှတ်ရသေးဘဲ သူမသေခင် အချိန်အတွင်းတော့ လုပ်နိုင်အောင်ကြိုးစားနေတယ်လို့ ပြောပါတယ်။
“ကျနော် မသေခင်ပေါ့နော်။ ကြိုးစားနေပါတယ်။ ရက်တွေ ဘာတွေတော့ မသတ်မှတ်ရသေးဘူး။ အလုပ်တခု လုပ်တာက ဗြုန်းစားကြီး ထလုပ်လို့ မရဘူး။ ဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ စဉ်းစားရသေးတယ်။ ဖြစ်တာတော့ ဖြစ်အောင် လုပ်မှာပါ”လို့ အဆိုတော် သန်းထွန်းလေးက ပြောပါတယ်။
ဂီတလောကကို ဝင်ရောက်ပြီး အခုချိန်မှာတော့ ခေတ်အမျိုးမျိုးကို ကျော်ဖြတ်လာခဲ့တဲ့ အဆိုတော် သန်းထွန်းလေးကတော့ အခုအချိန်မှာ အသက် ၇၀ နား ကပ်နေပြီလို့ သိရပါတယ်။
“ဦးသန်းထွန်းတို့ ဖြတ်သန်းလာတဲ့ ခေတ်တွေက ဟိုး ရေဒီယိုခေတ်၊ ဓာတ်ပြားခေတ်၊ ကက်ဆက်ခွေခေတ်၊ စီဒီခေတ်၊ ဗီစီဒီခေတ်၊ အခုဆိုရင်ခေတ်တွေ အမျိုးမျိုး ကျော်လွှားနိုင်ခဲ့ပြီ။ လွန်ခဲ့တဲ့ ၆၁ ခုနှစ် ၊ ၆၂ ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်တာ။ အခုဆိုရင် ၂၀၁၉ ခုနှစ် ဦးသန်းထွန်းရဲ့ အသက်တောင် ၇၀ နားကပ်နေပြီ”လို့ သန်းထွန်းလေးက ပြောပါတယ်။
မကြာသေးခင်ကလည်း သမီးဖြစ်သူ ပိုးအိစံရဲ့ အခွေ ၇ ခွေကို တပြိုင်တည်းထွက်ဖို့အတွက် လုပ်ပေးခဲ့ပြီး သူ့အနေနဲ့လည်း အခွေ ၁ ခွေလုပ်ဖို့အတွက် စိတ်ကူးရင်း သီချင်းတွေ စုနေတယ်လို့ သိရပါတယ်။
“ကျနော်က အခုသမီးရဲ့ အခွေတွေ လုပ်ပေးနေတယ်။ မကြာသေးဘူး။ သမီးရဲ့အခွေတွေ ထွက်တယ်။ နှစ် ၂၀ ပြည့် Live Show ၇ ခွေ ထွက်တယ်။ အဲ့အခွေတွေလည်း ရောင်းရပါတယ်။ အဲဒါလေးတွေ ပြီးသွားတော့ နောက်ထပ် အခွေတွေ ထပ်လုပ်ဖို့ စဉ်းစားနေတယ်။ ကျနော်လည်း လူလောကမှာ ရှိနေတဲ့ အချိန်လေးမှာ ၁ ခွေလောက် သွင်းမလားလို့ စိတ်ကူးရင်းနဲ့ သီချင်းတွေ စုနေတယ်။ မသေခင်တော့ ၁ ခွေလောက်တော့ လုပ်လိုက်ဦးမယ်”လို့ သန်းထွန်းလေးက ပြောပါတယ်။
အဆိုတော် သန်းထွန်းလေးကတော့ ပိုးအိစံရဲ့ ဖခင်ဖြစ်ပြီး အနုပညာ မျိုးဆက်အနေနဲ့ မြေးဖြစ်သူကလည်း သီချင်းများ ဆိုနေပြီလို့ သိရပါတယ်။
You may also like these stories:
ဂီတသက်တမ်း နှစ် ၂၀ ပြည့်မှာ တေးစီးရီးခွေ ၇ ခွေ တပြိုင်တည်း ထုတ်လိုက်တဲ့ ပိုးအိစံ
“အိမ်ခြံမြေ လုပ်ငန်းက ကျနော့် အသက်ပဲ”လို့ ပြောတဲ့ အဆိုတော် သားစိုး
ဖခင်ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်အတွက် လှူဒါန်းခဲ့တဲ့ သမီးမိကွန်ထော
တောင်းစားနေတဲ့ လူရွှင်တော်ကြီး တိုင်းကျော်နဲ့ ပတ်သက်ပြီး တာဝန်ယူလိုက်တဲ့ ဇာတ်မင်းသား ဝင်းနောင်