Entertainment

ဆေးခြောက်လုပ်ငန်း လောကထဲ ဝင်ရောက်လာတဲ့ အဆိုတော် Jay-Z

ဘီလီယံနာ အဆိုတော် Jay-Z ဟာ အမေရိကန်နိုင်ငံမှာ လျင်မြန်စွာ ကြီးထွားလာနေတဲ့ ဆေးခြောက်လုပ်ငန်း လောကထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ကယ်လီဖိုးနီယားအခြေစိုက် Caliva ဆိုတဲ့ ကုမ္ပဏီမှာ ဗျူဟာမှူး အနေနဲ့ တာဝန်ယူလိုက်ပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက San Jose မြို့မှာ တည်ထောင်ခဲ့တဲ့ ပုဂ္ဂလိကပိုင် Caliva ကုမ္ပဏီက Jay-Z ကုမ္ပဏီရဲ့ ဖန်တီးမှုဆိုင်ရာ ညွှန်ကြားမှုနဲ့ ထောက်ပံ့ကူညီပေးမှုတို့မှာ အလေးပေးမယ့် ကာလရှည် ပူးပေါင်းဆောင်ရွက်မှုတခုနဲ့ ဝင်ရောက်လာပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Caliva ရဲ့ ကုန်ပစ္စည်း ဗျူဟာမှူးချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ အဆိုတော် Jay –Z ဟာ အကျဉ်းသားဟောင်းတွေအတွက် အလုပ်အကိုင် လေ့ကျင့်မှု တိုးမြှင့်ခြင်းကို လုပ်ဆောင်မှာပါ။ ဒါ့အပြင် တရားဝင်ဆေးခြောက် လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အရည်အသွေးနဲ့ မျှတမှုကို မြှင့်တင်ဖို့ သူ့ရဲ့ လူမှုရေးဆိုင်ရာ တရားမျှတမှု ကြိုးပမ်းချက်တွေကိုလည်း လုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာချက်တခုမှာ ပြောဆိုထားပါတယ်။

အဆိုတော် Jay -Z က “တလျှောက်လုံးမှာ ထူးခြားတဲ့ အရာတွေကို ဖန်တီးချင်ပါတယ်။ လုပ်ငန်းစဉ်ထဲမှာလည်း ပျော်ဖို့ကောင်းရမယ်။ လူတွေအတွက် ကောင်းမွန်တာတွေ ဆောင်ကျဉ်းလာတာလည်း ဖြစ်ရမယ်” လို့ ဆိုပါတယ်။

သူဟာ နောက်လာမယ့် ၅ နှစ်အတွင်းမှာ တားမြစ်ချက်တွေနဲ့ ထောင်ကနေ ယာယီလွှတ်ပေးလိုက်သူတွေနဲ့ အကျဉ်းသားဟောင်းအမေရိကန်နိုင်ငံသား တသန်းကို ကူညီဖို့ ရယ်ရွယ်ချက်နဲ့ Reform Alliance လို့ အမည်ရတဲ့ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုအဖွဲ့တခုကိုလည်း ထူထောင်ဖို့ ဒီနှစ်ထဲမှာပဲ ကူညီပေးခဲ့ပါသေးတယ်။

R&B အဆိုတော် ဘီယွန်းစေးနဲ့ လက်ထပ်ထားတဲ့ အသက် ၄၉ နှစ်အရွယ် အဆိုတော်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာပဲ အဝတ်အထည်၊ ရှန်ပိန်၊ Uber တက္ကစီနဲ့ Roc Nation ဖျော်ဖြေရေး ကုမ္ပဏီတို့ကနေ တဆင့် ရင်းနှီးမြုပ်နှံမှုတွေကြောင့် ဘီလီယံနာဖြစ်လာတဲ့ ပထမဆုံး ဟစ်ဟော့ပ် အနုပညာရှင် ဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ကြေညာခဲ့ပါတယ်။

သူဟာ ကယ်လီဖိုးနီးယားအပါအဝင် အမေရိကန်ပြည်နယ် ၁၁ ခုမှာ စိတ်အပန်းဖြေ တရားဝင် အသုံးပြုနိုင်ခွင့်ရရှိခဲ့တဲ့ ဆေးခြောက် လုပ်ငန်းထဲကို ရောက်ရှိလာတဲ့ နောက်ဆုံး နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။

Rap အဆိုတော် Snoop Dogg ဟာလည်း Leafs by Snoop ဆိုတဲ့ ကိုယ်ပိုင် ကုန်ပစ္စည်းအမှတ် တံဆိပ်ကို ပိုင်ဆိုင်ထားပြီး ၂၀၁၆ ခုနှစ်မှာလည်း မင်းသမီး Whoopi Goldberg ကလည်း အမျိုးသမီးများ ဓမ္မတာလာချိန် ဗိုက်အောင့်တာကို သက်သာစေဖို့ ရည်ရွယ်ထားတဲ့ ဆေးဝါးအဖြစ် အသုံးပြုနိုင်တဲ့ ဆေးခြောက် ထုတ်ကုန်ပစ္စည်းတွေကို မိတ်ဆက်ထားပါတယ်။

Ref. asiaone

You may also like these stories:

ပထမဆုံး ဘီလီယံနာ Hip-hop အဆိုတော် ဖြစ်လာတဲ့ Jay-Z

သက်သတ်လွတ်စားတဲ့ ပရိသတ်ကို တသက်တာလက်မှတ် အလကားပေးမယ့် Beyonce နဲ့ Jay-Z

စင်ပေါ်ကို ပရိသတ် တက်လာလို့ Jay-Z နဲ့ Beyonce တို့ရဲ့ဖျော်ဖြေပွဲ ရပ်ဆိုင်းလိုက်ရ

Loading